ဘုရင့်နောင် ယာဉ်အပိုပစ္စည်းနှင့် ရောင်းဝယ်ရေးစခန်းရှိ ဆိုင်ခန်းတစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းမှုကြောင့် လူ ၁၂ ဦးဒဏ်ရာရ


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ယာဉ်အပိုပစ္စည်းနှင့် ရောင်းဝယ်ရေးစခန်း အဆောက်အအုံအမှတ် ၁၄ ရှိ ဒိုင်နမိုနှင့် မော်တာပြုပြင် ရောင်းဝယ်ရေး ဆိုင်ခန်းအတွင်း အပူလွန်ကဲကာ မီးလောင်မှုကြောင့် လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ငွေကျပ်သိန်းငါးဆယ်ကျော် ဆုံးရှုံးခဲ့ကြောင်း ဘုရင့်နောင်ရဲစခန်းမှ သိရှိရသည်။

ဘုရင့်နောင် ယာဉ်အပိုပစ္စည်းနှင့် ရောင်းဝယ်ရေးစခန်းအတွင်း ဒိုင်နမိုနှင့် မော်တာပစ္စည်းများ ရောင်းဝယ်ရေး ဆိုင်ခန်း ၃၂ ခန်းရှိရာ ဆိုင်အမှတ် ၂၉/၃၀ မှ မတ်လ ၁၆ ရက် နံနက် ၉း၀၀ နာရီဝန်းကျင်တွင် စတင်လောင်ကျွမ်းခြင်း ဖြစ်သည်။

“မီးလောင်ရတဲ့ အကြောင်းအရင်းကတော့ အပူလွန်ကဲပြီး လောင်တာပါ။ လောလောဆယ်တော့ အဲ့လိုပဲသိရပါတယ်” ဟု ဘုရင့်နောင်ရဲစခန်းမှ ဒုရဲအုပ်နှင်းနုဝေက ပြောသည်။

မီးလောင်ကျွမ်းခဲ့ရသည့် အကြောင်းရင်းမှာ ဒိုင်နမိုနှင့် မော်တာပစ္စည်းများ ထားရှိသည့် အခန်းအတွင်း ပစ္စည်းများ ကို အချိန်ကြာမြင့်စွာ ထားရှိခဲ့ရာက အပူချိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုမှာ Level 3 အဆင့်ထိရှိခဲ့ပြီး မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၃၇ စီး၊ ရေသယ်ယာဉ် ကိုးစီး၊ အုပ်ချုပ်မှုယာဉ် ခုနစ်စီး၊ အထောက်အကူပြုယာဉ် နှစ်စီး၊ လှေကားတင်ယာဉ် သုံးစီးဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါမီးလောင်မှုတွင် အသေးစား ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးရှိခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ စည်ပင်ဝန်ထမ်း တစ်ဦး၊ အရပ်သားခြောက်ဦး ဒဏ်ရာရရှိခဲ့ကာ အဆောက်အအုံ တန်ဖိုးကျပ် ၁၅ သိန်း၊ ပစ္စည်းတန်ဖိုး ကျပ်သိန်းငါးဆယ်ကျာ် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“မီးလောင်မှုအတွင်းမှာ အသေးစားဒဏ်ရာရရှိသူ ၁၂ ဦးရှိပါတယ်။ အဲဒီထဲက အရပ်သား တစ်ဦးကတော့ ခေါင်းကိုထိခိုက်တယ်။ နားထင်က ရောင်ကိုင်းလာပြီး ခေါင်းမူးနေတဲ့အတွက် အင်းစိန်ဆေးရုံမှာ စစ်ဆေးခိုင်းလိုက်တာပါ ”ဟု အရှေ့ပိုင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့မှ ခရိုင်ဦးစီးမှူး ဦးကျော်ဇောက ပြောသည်။

လက်ရှိတွင် မီးစတင်လောင်ခဲ့သည့် ကောင်းသုခဘိုဘို ဒိုင်နမိုနှင့် မော်တာပစ္စည်းများ ပြုပြင်ရောင်းဝယ်ရေး ဆိုင်ခန်းမှ ပိုင်ရှင်မျိုးမြင့်လွင်နှင့် ဝန်ထမ်း ဝင်းနိုင်ဦးတို့ကို ဘုရင့်နောင်ရဲစခန်းက ပ-၂၀၉/၂၀၁၆ မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
ဘုရင့်နောင် ယာဉ်အပိုပစ္စည်းနှင့် ရောင်းဝယ်ရေးစခန်းရှိ ဆိုင်ခန်းတစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းမှုကြောင့် လူ ၁၂ ဦးဒဏ်ရာရ  ဘုရင့်နောင် ယာဉ်အပိုပစ္စည်းနှင့် ရောင်းဝယ်ရေးစခန်းရှိ ဆိုင်ခန်းတစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းမှုကြောင့် လူ ၁၂ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.