ခရီးသည်ချနေသည့် ယာဉ်အား ဘုရားဖူးယာဉ်က ဝင်တိုက်၊ နှစ်ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရ


မိတ္ထီလာ မတ် ၇

ရန်ကုန်-မန္တလေးအမြန်လမ်း သီးကုန်းအမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင်အမှတ်(၃ဝ၈/၇)တွင် ယနေ့ နံနက် ၆ နာရီခွဲက ခရီးသည်ချနေသည့် ခရီးသည်တင်ယာဉ်အား ဘုရားဖူးယာဉ်က နောက်မှဝင်တိုက်ရာမှ နှစ်ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည့် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ်(၃ဝ၈/၇)တွင် မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ် (၆၁)လမ်းနေ ကိုသန်းဝင်းအောင်(၄၂)နှစ် မောင်းနှင်သည့် ရန်ကုန်-မန္တလေး ခရီးသည်တင် မန်းရွှေမြို့တော် ခရီးသည် တင်ယာဉ် 9F/--- ခရီးသည်ချနေစဉ် ရန်ကုန်မြို့ မြောက်ဥက္ကလာ(ည)ရပ်ကွက်နေ ကျော်ခိုင်မိုး(၂၃)နှစ် မောင်းနှင် သည့် BANGO 9G/--- ယာဉ်က နောက်မှဝင်တိုက်ခဲ့သည်။

ဤကဲ့သို့ ဘုရားဖူးယာဉ်က ခရီးသည်တင်ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိသဖြင့် ဘုရားဖူးယာဉ်ပေါ်ပါ ရန်ကုန်မြို့ မြောက်ဥက္ကလာ(ဍ)ရပ်ကွက်နေ ဦးဇော်သန်းဦး (၅၂)နှစ်နှင့် သမီးဖြစ်သူ မမိုးသီတာ(၃၅)နှစ်တို့မှာ နေရာ တွင်ပင် သေဆုံးခဲ့သည်။ ယာဉ်မောင်းအပါအဝင် ဘုရားဖူး ယာဉ်ပေါ်ပါ သန်းဇော်(၃ဝ)နှစ်၊ ဦးဝင်းမြင့်(၃၇)နှစ်၊ မသက်မာဦး(၃ဝ)နှစ်၊ ရဲမင်းထွန်း(၂၄)နှစ်၊ ဒေါ်မြင့်မြင့်စိန် (၅၆)နှစ်၊ မချစ်ပို(၂၄)နှစ်၊ မောင်ထက်ဝေယံကျော်နှစ်နှစ်၊ ဦးဝင်းရွှေ(၆၄)နှစ်၊ မမေသန္တာဇော်(၃၅)နှစ်၊ မမြင့်မြင့်(၅၃)နှစ်၊ ဒေါ်အေးမြင့် (၅၆)နှစ်၊ ကိုဝင်းနိုင်ဦး(၂၄)နှစ်၊ ကိုမျိုးဟိန်း(၃၃)နှစ်၊ မစိမ့်စမ်း(၁ နှစ် ၆ လ) တို့မှာ ဒဏ်ရာများရရှိသဖြင့် မိတ္ထီလာဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် တင်ပို့ထားရသည်။

ယာဉ်တိုက်မှုဖြစ်လျှင်ဖြစ်ခြင်း သီးကုန်းအမြန်လမ်းမှ ရဲအုပ် ဌေးအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းကြက်ခြေနီ တပ်ဖွဲ့တပ်ရင်းမှူး ဦးနေဦးတို့က ဒဏ်ရာရရှိသော ခရီးသည်များအား မိတ္ထီလာဆေးရုံသို့ အမြန်ကူညီတင်ပို့ပေး ကြသည်။ သီးကုန်းအမြန်လမ်းရဲစခန်းမှ ယာဉ်တိုက်မှုအား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

တင်လှိုင်(မိတ္ထီလာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ခရီးသည်ချနေသည့် ယာဉ်အား ဘုရားဖူးယာဉ်က ဝင်တိုက်၊ နှစ်ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရ  ခရီးသည်ချနေသည့် ယာဉ်အား ဘုရားဖူးယာဉ်က ဝင်တိုက်၊ နှစ်ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 10:01 Rating: 5
Powered by Blogger.