ဘိန်းဖြတ်စခန်းဝင်စီးရာမှာ လက်နက်တွေဖမ်းမိ

ဝင်ရောက်ရှင်းလင်းခံရတဲ့ မူဆယ်မြို့နယ်က မူးယစ်ဆေးဝါးနဲ့ ဘိန်းဖြတ်စခန်းဆိုင်းဘုတ်ကို မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: Citizen Journalist
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စိန်တိုက်ကျေးရွာက မူးယစ်ဆေးဝါးနဲ့ ဘိန်းဖြတ်စခန်းကို အစိုးရတပ်မတော် တပ်မ (၈၈) က ၀င်ရောက်ရှင်းလင်းပြီး လက်နက်တွေကိုလည်း သိမ်းဆည်းမိသလို လူငယ် ၆၇ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနေရာကို လက်နက်ကိုင်အဖွဲ့တွေရဲ့ စခန်းတစ်ခုအဖြစ် သတင်းရရှိထားတဲ့အတွက် ၀င်ရောက်ရှင်းလင်းရာမှာ ဘိန်းဖြတ်စခန်းကြီးကြပ်သူတွေ အပါအ၀င် ရှမ်းလူငယ်တွေ ကို လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

"ကျနော်တို့ စပြီးသတင်းရတုန်းကတော့ ဆေးဖြတ်စခန်းအနေနဲ့ ရတာမဟုတ်ဘူး၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေရဲ့အခြေစိုက်စခန်းတစ်ခုလို့ သတင်းရလို့သွားပြီးတော့ရှင်းလင်းရင်းနဲ့ တွေ့ရှိလာ တာပေါ့နော်၊ နောက်တော့မှ ဆေးဖြတ်စခန်းလို့သိလိုက်ရတာ၊ အဲ့တော့ဘာတွေပါရလဲဆိုရင် လူကတော့ ကျား ၆၅၊ ကြီးကြပ်သူကတော့ အားလုံး ၄ ယောက်ပေါ့နော်၊ ဆေးဖြတ်တဲ့သူကတော့ ဦးစန်းကျော်အပါ ၆၅ ဦးနဲ့ မ ၂ ဦး၊ ပေါင်း ၆၇ ဦး၊ တွေ့ရှိပါတယ်၊ ပြောင်းရှည် ၉ လက်မရှိတဲ့ လုပ်သေနတ် ၂ လက်၊ ကျည်က ၃၂ တောင့်၊ ကျည်ခွံ ၃ တောင့်၊ ရာဘာလက်ကိုင်တုတ် ၁၂ ချောင်း၊ အားလုံးပေါင်း ၁၁ လက်ပေါ့၊ သေနတ် နဲ့ ပြောရင် ၁၁ လက်ပေါ့"

ဘိန်းဖြတ်စခန်းကြီးကြပ်သူ ၄ ဦးကို လက်နက်မှုနဲ့ အမှုဖွင့်အရေးယူထားပြီး လူငယ် ၆၀ ကျော်ကတော့ ဘိန်းဖြတ် ဖို့ ရောက်ရှိနေတယ်လို့ စစ်ဆေးတွေ့ရှိတဲ့ အတွက် မနေ့က ပြန်လွှတ်ပေးလိုက်တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

အဲ့ဒီဘိန်းဖြတ်စခန်းကို လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ကတည်းက ဒေသခံတွေရဲ့ ထောက်ပံ့မှုနဲ့ စတင်တည်ထောင်ခဲ့ တာဖြစ်ကြောင်း ဒေသခံကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောဆိုပေ မယ့် နိုင်ငံတော်က ဖွင့်လှစ်ထားတဲ့ တရားဝင် ဘိန်းဖျက်စခန်း မဟုတ်သလို မူးယစ်ဆေးဖြတ်ရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေကို မတွေ့ရှိခဲ့ကြောင်းလည်း ပြော ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဘိန်းဖြတ်စခန်းဝင်စီးရာမှာ လက်နက်တွေဖမ်းမိ  ဘိန်းဖြတ်စခန်းဝင်စီးရာမှာ လက်နက်တွေဖမ်းမိ Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.