မီးကြိုးဖြတ်တောက်ခိုးယူသူများအား ဖမ်းဆီးအရေးယူ


ရန်ကုန် မတ် ၈

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ကစင်ကျေးရွာ မြေ တိုင်း(၂၃) ဦးဖိုးလှိုင် လမ်းမကြီးပေါ်ရှိ မှောင်ရိပ်ခိုနေသူ အမျိုးသားတစ်ဦးကို နယ်မြေအတွင်း လုံခြုံရေးတာဝန်ယူ ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက မသင်္ကာဖွယ်အခြေအနေကို တွေ့ရှိချက်အရ ၎င်းနှင့်အတူပါ အမျိုးသားနှစ်ဦးကို စက်ဘီးနှစ်စီး၊ ဖြတ်တောက်ပြီးသား မီးကြိုးခွေများနှင့် အတူ မတ် ၆ ရက် နံနက်အစောပိုင်းက ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်တို့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ဒုစရိုက်မှုများကင်းစင်စေရေး၊ ပြည်သူ့ဘဝလုံခြုံရေးအတွက် ရွှေလင် ပန်းရဲကင်းမှူး တပ်ကြပ်လင်းအောင်၊ ဒုတပ်ကြပ်နေဦး၊ တာဝန်ရှိသူများနှင့်အတူ လှည့်ကင်းတာဝန်ဆောင်ရွက် နေစဉ် မတ် ၆ ရက် နံနက် ၁ နာရီခန့်၌ ဦးဖိုးလှိုင်လမ်းမကြီးဘေးရှိ မှောင်ရိပ်တစ်ခုတွင် အမျိုးသားတစ်ဦးနှင့်အတူ စက်ဘီးနှစ်စီးကို တွေ့ရှိ၍ စစ်ဆေးမေးမြန်းနေစဉ် အနီးရှိဓာတ်တိုင်ပေါ်မှလူတစ်ဦးကို ထပ်မံတွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးခဲ့ရာ နောက်တစ်ဦးပါထပ်မံဖမ်းဆီး ရမိခဲ့သည်။

စစ်ဆေးချက်များအရ ထန်းတပင်မြို့နယ် ရခိုင်ရိုးကြီးကျေးရွာနေသူ များဖြစ်ကြသည့် အနိုင်(၂၈)နှစ်၊ ဇော်မျိုးသက်(၂၅)နှစ်၊ စိုးလင်းနိုင် (၁၈)နှစ်တို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့နှင့်အတူ ပလာယာတစ်ခု၊ သံဖြတ်လွှတစ်ချောင်းတို့ကိုသိမ်းဆည်း နိုင်ခဲ့ပြီး ဆက်လက်ဖော်ထုတ်ချက် အရ ဦးဖိုးလှိုင်လမ်းမဘေး ဓာတ်တိုင်တချို့မှ ဖြတ်တောက်ခိုးယူပြီးသိုဝှက် သိမ်းဆည်းထားသည့် ကြေးနီမီးကြိုး ခွေ ၃ ပိဿာ ၇ဝ ကျပ်သားခန့်ကို သိမ်းဆည်းနိုင်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့သုံးဦးအား လှိုင်သာယာမြို့နယ်မြို့မ ရဲစခန်းက အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မင်းထက်ပိုင်(လှိုင်သာယာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မီးကြိုးဖြတ်တောက်ခိုးယူသူများအား ဖမ်းဆီးအရေးယူ  မီးကြိုးဖြတ်တောက်ခိုးယူသူများအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 08:01 Rating: 5
Powered by Blogger.