မြန်မာ့ ကျောက်စိမ်းများအား တရုတ်ကုန်သည်များ ၀ယ်ယူခြင်းမရှိတော့


တရုတ်နိုင်ငံမှ ကျောက်စိမ်း ၀ယ်ယူသူများအား တရုတ် အစိုးရမှ ချေးငွေထုတ်မပေးတော့ သောကြောင့် မြန်မာ့ကျောက်စိမ်း ဈေးကွက် လုံးဝရပ်ဆိုင်းသွားကြောင်း ကျောက်မျက်ဈေးကွက်မှ သိရသည်။

“ကျောက်စိမ်း စုဆောင်းဝယ်ယူသူတွေကို အစိုးရက ငွေကြေး ထုတ်ပေးဖို့ နောက်ဆုတ်ထားတယ်။ စီးပွားရေး သမားကြီးတွေက ဘဏ်တွေနဲ့ ချိတ်ဆက် လုပ်ငန်းလုပ်ရတာ။ အဲဒါတွေကြောင့် မြန်မာနိုင်ငံ ကျောက်စိမ်း ဈေးကွက် ၁၀၀ ရာနှုန်း ရပ်ဆိုင်းသွားတာပါ ” ဟု မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်၊ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း(မန္တလေး) နာယက ဦးစိုးနိုင်က ပြောသည်။

တရုတ်အစိုးရမှ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၀န်းကျင်မှ စတင်ကာ ယခုအထိ တရုတ်ကျောက်စိမ်း ကုန်သည်များ အား ချေးငွေ မပေးတော့သဖြင့် မြန်မာ့ကျောက်စိမ်းများ လုံးဝအရောင်းအ၀ယ်မရှိတော့ခြင်း ဖြစ်သည်။
“ ဒီမှာက ပညာရှင်လည်းနည်းတော့ ကုန်ကျစရိတ်ကလည်း များတယ်။ ဒါ့အပြင် အစိုးရကလည်း ကျောက်စိမ်း ၀ယ်တဲ့သူတွေကို ချေးငွေ မထုတ်ပေးတော့တဲ့အတွက် ကျောက်စိမ်းဈေးကွက် လုံးဝ ရပ်သွားတာပါ” ဟု ကျောက်မျက်လုပ်ငန်းရှင် ဦးဇော်ဇော်က ပြောသည်။

ပြည်တွင်း ကျောက်စိမ်းဈေးကွက်အတွင်း ကုမ္ပဏီပေါင်း ၇၀၀ ခန့်ရှိရာ လက်ရှိကုမ္ပဏီ ၅၀ ခန့်သာ လုပ်ငန်း လုပ်ဆောင်နိုင်သည့် အခြေအနေ ရှိကြောင်း ကျောက်စိမ်း လုပ်ကိုင်နေသူများထံမှ သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ကျောက်စိမ်း အကြမ်းထည်များကို အဓိကထား ၀ယ်ယူနေပြီး မြန်မာနိုင်ငံ အတွင်းမှ ကျောက်စိမ်း တစ်လလျှင် တရားဝင်တန်ချိန် ၂၅၀၀ ထွက်ရှိနေကြောင်း မြန်မာနိုင်ငံ ကျောက်စိမ်း
လုပ်ငန်းရှင်များ အသင်းထံက သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
မြန်မာ့ ကျောက်စိမ်းများအား တရုတ်ကုန်သည်များ ၀ယ်ယူခြင်းမရှိတော့  မြန်မာ့ ကျောက်စိမ်းများအား တရုတ်ကုန်သည်များ ၀ယ်ယူခြင်းမရှိတော့ Reviewed by THITHTOOLWIN on 12:11 Rating: 5
Powered by Blogger.