အပူချိန်လွန်ကဲမှုကြောင့် မြို့နယ်သုံးခုမှ တောင်သူများစိုးရိမ်


ကျောက်တံခါး မတ် ၂ဝ

မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုနှစ်အတွင်း ထူးခြားစွာ ရာသီဥတုဖောက်ပြန် မှုကြောင့် ရေများခန်းခြောက်ခြင်း၊ ခရမ်းလွန်ရောင်ခြည် လွန်ကဲလာမှုကြောင့် နေအပူချိန် ပိုမိုပြင်းထန်စွာ ပူပြင်းမှုများကြောင့် ကျောက်တံခါး၊ ဖြူး၊ ကျောက်ကြီးမြို့နယ်တို့အတွင်းရှိ ပဲစိုက်၊ နွေစပါးစိုက် လယ်ယာ လုပ်သားများသည် ယခုအခါ မိမိတို့ထွန်ယက် စိုက်ပျိုးထားသော ပဲမျိုးစုံနှင့် စပါးများရိတ်သိမ်း သန့်စင်ရာတွင် လုပ်သားရှားပါးမှုအခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။

''နေအပူချိန်က မနက် ၉ နာရီကျော်ဆို တအားပူလာပြီလေ။ ပဲရိတ်နေ့စား အလုပ်သမားတွေကလည်း အရင်ကဆို တစ်နေကုန်ရိတ်ကြတယ်။ အခုကတော့တစ်နေ့လုပ်ကွက်ကို မနက်ပိုင်းအပြတ်ပေးရတယ်။ ဒေသအခေါ်(ပုတ်ပြတ်)ပေးရတယ်။ ပဲရိတ်နေရင်းတောင်မှ ချွေးထွက်လွန်ပြီး မူးမေ့လဲတဲ့အထိဖြစ်စဉ်တွေ ဖြစ်ပေါ်နေတယ်။ အခုဆို ပဲရိတ်ထွက်မယ်ဆိုရင် ညကတည်းက ဓာတ်ဆားရည်ဖျော်ပြီး ဘူးနဲ့သယ်သွားရတယ်။ တစ်နေ့မှ ၃၆ဝဝ ကျပ်သာရပါတယ်။ ကြိုပေးယူထားမိလို့ပါ။ နို့မို့သာဆို မလိုက်တော့ဘူး။ နေကတအားပူတယ်။ ဒီထက်ပိုပူလာရင် လူတွေဒုက္ခတွေ့မှာ စိုးရိမ်တယ်'' ဟု ဖြူးမြို့နယ်မှ နေ့စား ပဲရိတ်သူ ကိုဇော်နိုင်က ပြောကြားခဲ့သည်။

''ကျွန်တော်က နွေစပါးရော၊ ပဲရောစိုက်ထားတာပါ။ အခုက ပဲတိုက် ပဲနယ် အတွက်က နေ့စားခပိုပေးပြီး ခေါ်ခိုင်းတာတောင် မရဘူးဖြစ်နေတယ်။ နေပူလို့ မလိုက်ချင်ကြတာလေ။ အခါတိုင်းနှစ်တွေက ပေါပါတယ်။ နွေစပါးရိတ် သိမ်းဖို့ဆို ပိုဆိုးရောပဲ။ ရေကပူ၊ နေကပူနဲ့ဆိုတော့ သူတို့မပြောနဲ့ စိုက်ပျိုးထား သူတွေတောင်မှ စိတ်ပျက်နေပြီ။ ကြားရတဲ့သတင်းတွေအရတော့ ပိုပူအုံးမယ် ဆိုတော့ မလွယ်ပါဘူး။ ပဲနယ်ရတာကလည်း မွန်းတည့် ၁၂ နာရီမှဆိုတော့ အန္တရာယ်အရမ်းများပေါ့'' ဟု ကျောက်တံခါးမြို့နယ်မှ တောင်သူဦးအုန်းကျော်
က ပြောသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
အပူချိန်လွန်ကဲမှုကြောင့် မြို့နယ်သုံးခုမှ တောင်သူများစိုးရိမ်  အပူချိန်လွန်ကဲမှုကြောင့် မြို့နယ်သုံးခုမှ တောင်သူများစိုးရိမ် Reviewed by THITHTOOLWIN on 09:13 Rating: 5
Powered by Blogger.