ပြန်မလော့မြစ်အတွင်း ရေယာဉ်နှစ်စင်း မျက်နှာချင်းဆိုင်တိုက်မိ၊ အလုပ်သမတစ်ဦးသေဆုံး၊ နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရ
ပုသိမ် မတ် ၁ဝ
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ပြန်မလော့မြစ်အတွင်း၌ စက်လှေနှစ်စင်း မျက်နှာချင်းဆိုင်တိုက်မှုကြောင့် စီးနင်းလိုက်ပါလာသူ အလုပ်သမတစ်ဦးသေဆုံးပြီး အလုပ်သမနှစ်ဦး ပြင်းထန်စွာဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၅ ရက် နံနက် ၅ နာရီခွဲခန့်က ဝါးခယ်မမြို့နယ် ကျုံတလိတ်ကျေးရွာအုပ်စု အဖျံလေးကျေးရွာ ဆိပ်ကမ်းမှ အိမ်မဲမြို့နယ် အိုင်ကြီးကျေးရွာအုပ်စု ကျေးရွာများသို့ အလုပ်သမ ၂ဝ တင်ဆောင်၍ အိုင်ကြီးကျေးရွာနေသူ ရေယာဉ်မောင်းဝေလျှံဖြိုး (၂ဝ) နှစ် မောင်းနှင်သော အလျား ပေ ၃ဝ၊ အနံ ခြောက်ပေ၊ မြင်းကောင်ရေ ၁ဝ ကောင်၊ တရုတ်နီ အင်ဂျင်စက်တပ် ''ဆန်းမွန်း'' ပဲ့ထောင်စက်လှေသည် ပြန်မလော့မြစ်ကြောင်းအတိုင်း မောင်းနှင်လာစဉ် ကျုံတလိတ်ကျေးရွာအုပ်စု အဖျံလေးကျေးရွာအနီး၌ ပန်းတနော်မြို့နယ်ဘက်မှ ဝါးခယ်မမြို့နယ်ဘက်သို့ ရေယာဉ်မောင်းဟန်မင်းပိုင် ၂ဝ နှစ် မအူကျွန်းရွာနေသူ မောင်းနှင်လာသော အလျား ၃၅ ပေ၊ အနံ ခြောက်ပေ၊ ဇောက် သုံးပေ၊ မြင်းကောင်ရေ ၂ဝ တရုတ်နီအင်ဂျင်စက်တပ် ''အောင်ရတနာ'' ပဲ့ထောင်စက်လှေနှင့် မျက်နှာချင်းဆိုင်တိုက်မိကြရာ ''ဆန်းမွန်း''စက်လှေ ပေါ်လိုက်ပါလာကြသော အလုပ်သမ ၂ဝ တို့ရေနစ်မြုပ်မှုကြောင့် ဒေသခံ ကျေးရွာလူမှုရေးအဖွဲ့အစည်းတို့က ဝိုင်းဝန်းကယ်ဆယ်ပေးခဲ့ကြသည်။
၎င်းတို့ အနက် အိမ်မဲမြို့နယ် တစ်တီတူးကျေးရွာနေ မခိုင်ခိုင်ဌေး (၂၃)နှစ် ဝဲရင်သား ပဲ့ဒဏ်ရာ၊ ဝဲရင်ဘတ်အောင့်၊ ကျောကုန်းအောင့် နာကျင်ဒဏ်ရာများနှင့် မခင်သက်ဆွေ (၃၉) နှစ် အိုင်ကြီးကျေးရွာနေသူ ရင်ညွန့်အောင့်နာကျင်ဒဏ်ရာ များရရှိသွားကြပြီး မရီရီဝင်း (၁၈)နှစ် အိုင်ကြီးကျေးရွာနေသူမှာ ယာတံတောင် ဆစ်ပွန်းပဲ့၊ ယာလက်ပြင်၊ ကုတ်၊ နံ ညိုမည်းဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
(ပုသိမ်လှကြည်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပြန်မလော့မြစ်အတွင်း ရေယာဉ်နှစ်စင်း မျက်နှာချင်းဆိုင်တိုက်မိ၊ အလုပ်သမတစ်ဦးသေဆုံး၊ နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
07:36
Rating: