သမ္မတသစ် ကာလုံဖွဲ့ပြီ၊ ဒေါ်စုကို သမ္မတ အတိုင်ပင်ခံ ခန့်အပ်လို

မနေ့က ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးအတွင်း ကျမ်းသစ္စာ ကျိန်ဆိုတဲ့ သမ္မတ သုံးဦး (Credit: AFP) 
သမ္မတသစ် ​ ဦးထင်ကျော် ​ခေါင်းဆောင်တဲ့ ​ အမျိုးသား ​ကာကွယ်ရေးနဲ့ ​လုံခြုံရေးကောင်စီကို ​ဖွဲ့စည်းကြောင်း ​နိုင်ငံတော်သမ္မတရုံးက ​ကြေညာခဲ့သလို ​သမ္မတက ​ဒေါ်အောင်ဆန်းစုကြည်ကို ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်အဖြစ် ​တာဝန် ​ခန့်အပ်ဖို့လည်း ​စီစဉ်နေပါတယ်။

သမ္မတ ​ရုံးက ​ကြေညာတဲ့ ​အမျိုးသား ​ကာကွယ်ရေးနဲ့ ​လုံခြုံရေး ​ကောင်စီမှာ ​အဖွဲ့ဝင် ​၁၁ ​ဦးနဲ့ ​ဖွဲ့စည်းလိုက်တာ ​ဖြစ်ပါတယ်။

အဖွဲ့ဝင် ​၁၁ ​ဦးကတော့ ​သမ္မတ ​ဦးထင်ကျော်၊ ​ဒုသမ္မတ ​ဦးမြင့်ဆွေနဲ့ ​ဦးဟင်နရီဗန်ထီးယူ၊ ​ပြည်ထောင်စု ​ဝန်ကြီးဌာန ​လေးခုရဲ့ ​ဝန်ကြီး ​ဒေါ်အောင်ဆန်းစုကြည်၊ ​ပြည်သူ့လွှတ်တော် ​ဥက္ကဋ္ဌ ​ဦးဝင်းမြင့်၊ ​အမျိုးသားလွှတ်တော် ​ဥက္ကဋ္ဌ ​မန်းဝင်းခိုင်သန်း၊ ​တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်၊ ​ဒုကာကွယ်ရေးဦးစီးချုပ် ​ဒု-ဗိုလ်ချုပ်မှူးကြီး ​စိုးဝင်း၊ ​ကာကွယ်ရေးဝန်ကြီး ​ဒုဗိုလ်ချုပ်ကြီး ​စိန်ဝင်း၊ ​ပြည်ထဲရေးဝန်ကြီး ​ဒုဗိုလ်ချုပ်ကြီး ​ကျော်ဆွေ ​နဲ့ ​နယ်စပ်ရေးရာဝန်ကြီး ​ ဒုဗိုလ်ချုပ်ကြီး ​ရဲအောင် ​တို့ ​ဖြစ်ပါတယ်။

မနေ့တုန်းကပဲ ​အမျိုးသား ​ကာကွယ်ရေးနဲ့ ​လုံခြုံရေး ​ကောင်စီကို ​ဖွဲ့စည်းခဲ့သလို ​သမ္မတသစ်က ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတရဲ့ ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်အဖြစ် ​ခန့်အပ်နိုင်ဖို့ ​အတိုင်ပင်ခံဆိုင်ရာ ​ဥပဒေကို ​လွှတ်တော်မှာ ​တင်ပြဖို့ ​ရှိနေတယ်လို့လည်း ​သိရပါတယ်။

မနေ့တုန်းကပဲ ​ကျမ်းသစ္စာ ​ကျိန်ဆိုတဲ့ ​သမ္မတတွေနဲ့ ​ဝန်ကြီးအဖွဲ့ကို ​အမေရိကန်နဲ့ ​တခြား ​နိုင်ငံတွေက ​ကြိုဆိုခဲ့ကြသလို၊ ​ထိုင်းဘုရင် ​မင်းမြတ်ကလည်း ​ဝမ်းသာကြောင်း ​ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ​မြန်မာနိုင်ငံလုံး ​ဆိုင်ရာ ​ကျောင်းသားများ ​ဒီမိုကရက်တစ်တပ် ​ABSDF ​ကလည်း ​သမ္မတ ​ဦးထင်ကျော်ရဲ့ ​နိုင်ငံတော် ​အခြေပြ ​မိန့်ခွန်းကို ​ကြိုဆိုတယ်လို့ ​ထုတ်ပြန်ထားပါတယ်။

သမ္မတက ​အမျိုးသား ​ရင်ကြားစေ့ရေး၊ ​ပြည်တွင်းငြိမ်းချမ်းရေး၊ ​ဒီမိုကရေစီ ​ဖက်ဒရယ် ​ပြည်ထောင်စု ​ဖြစ်ပေါ်လာရေးကို ​ရှေးရှုတဲ့ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​တစ်ရပ် ​ဖြစ်ပေါ်လာရေးနဲ့ ​ပြည်သူလူထုရဲ့ ​လူနေမှု ​ဘဝ ​အဆင့်အတန်း ​မြင့်မားလာဖို့အဓိက ​ပြောဆိုသွားခဲ့ပြီး ​အဲဒီ ​ပြောဆိုမှုတွေကို ​အကောင်အထည် ​ဖော်ဖို့လည်း ​ABSDF ​က ​တိုက်တွန်းလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သမ္မတသစ် ကာလုံဖွဲ့ပြီ၊ ဒေါ်စုကို သမ္မတ အတိုင်ပင်ခံ ခန့်အပ်လို  သမ္မတသစ် ကာလုံဖွဲ့ပြီ၊ ဒေါ်စုကို သမ္မတ အတိုင်ပင်ခံ ခန့်အပ်လို Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.