သက်မဲ့လွှတ်တော်ဘ၀မှ သက်ရှိလွှတ်တော်ဘ၀ ပြောင်းလဲလာသော ပြည်သူ့လွှတ်တော်


'လွှတ်တော်အသံ၊ ပြည်သူ့အသံ' ဟူသော ကြွေးကြော်သံတခုကို ကြားနေခဲ့ရသည်မှာကြာပြီ။ ဘယ်ပြည်သူကမှ စိတ်ဝင်စားစွာနားထောင်သည်ဟု မရှိခဲ့။ နားထောင်စရာလည်း ဘာမှမရှိ။ ပြည်သူတို့၏ ဒုက္ခ သုက္ခ အကျပ် အတည်း အခက်အခဲကို မကြားယောင်၊ မသိယောင်ဆောင်၍ ဘာမျှ မထိရောက်သော၊ အရေးမကြီးသော အဆိုများကိုသာ တင်သွင်းလိုက်ကြ၊ ထောက်ခံလိုက်ကြနှင့်ပင် အချိန်ကုန်အိပ်ငိုက်ကာ ပြည်သူ့လုပ်စာမှ လစာ များကို ခါးပိုက်ထဲပိုက်ပြီး ဇိမ်ကျနေခဲ့ကြသော လွှတ်တော်အမတ်များသာ ကြုံနေခဲ့ကြရသည်။ လွှတ်တော်ဆိုသည်ကို ဘယ်သူကမျှ စိတ်မ၀င်စားခဲ့ကြပါ။
ဒီကြားထဲ ပြည်သူ့ဘက်ကရပ်တည်သော အဆိုကို တင်သွင်းသူ တချို့တော့ရှိခဲ့ပါသည်။ ဥပမာ ဦးသိန်းညွန့်လို၊ ဒေါ်ညိုညိုသင်းလို အမတ်မျိုးဖြစ်သည်။ သို့သော် စစ်တပ်နောက်ခံ ကြံ့ဖွံ့အမတ်များက မထောက်ခံကြ၍ ပြည်သူ့ဘက်သား အဆိုသည် အတည်မဖြစ်ခဲ့။

ဤသို့သော အကျပ်အတည်းကြားထဲမှ ဒေါက်တာညိုညိုသင်းကိုတော့ ကျေးဇူးတင်ရမည်ဖြစ်သည်။ ဒဂုံစီးတီးဟူသော ရွှေတိဂုံဘုရားကို ပင် လူမြင်ကွင်းမှ ပျောက်ကွယ်စေသော ဧရာမစီမံကိန်းကြီးကို ထိုနေရာ တွင် မဆောက်လုပ်ဖြစ်အောင် တားမြစ်သော အဆိုကို တင်သွင်းခဲ့၍ ဒေါက်တာညိုညိုသင်းကိုတော့ အလွန် ကျေးဇူးတင်ထိုက်စရာပါ။ သူမ၏ အခြားအဆိုများလည်း ပြည်သူဘက်က ရပ်တည်တင်သွင်းခဲ့သော အဆိုများ ရှိပါသေးသည်။ ဒဂုံစီးတီးစီမံကိန်းကို ထိုနေရာတွင် မဆောက်လုပ်သင့်ကြောင်းကို ပုလဲမြို့နယ် လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကလည်း အသေးစိတ် သုတေသနပြု စိစစ်ပြီး အဆိုတင်သွင်းရန် အစီ အစဉ်ရှိခဲ့ရာ ဒဂုံစီးတီးကို ထိုနေရာမှ ရွှေ့ပြောင်းမည်ဟုဆိုသောကြောင့်သာ သူမအဆို မတင်သွင်းခဲ့ရပါဟု ၂၀၁၆ ဖေဖော်ဝါရီ ၂၆ ရက်က လွှတ်တော်တွင် ပြောကြားသွားပါသည်။

လွှတ်တော်သည် လူထုပစ်ပယ်ခံထားရသော သက်မဲ့လွှတ်တော်ဘ၀မှ ယခုမှသာ သက်ဝင်လှုပ်ရှားသော ပြည်သူများ စိတ်ဝင်စားအားထားကြသော သက်ရှိ ပြည်သူ့လွှတ်တော်ဘ၀ပြောင်းလာသည်ဟု ဆိုပါရစေ။
ဒါကလည်း ရှင်းပါသည်။ အကျိုးစီးပွားကိစ္စသာ ဖြစ်ပါသည်။ လူတစုကောင်းစားရေးနှင့် ပြည်သူ လူထုကောင်းစားရေးဟူသော အကျိုးစီးပွား နှစ်ရပ်၏ ဆန့်ကျင်ဘက်ကိစ္စသာဖြစ်ပါသည်။
''တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ''ဆိုသည့် စာသားများမှာ နေ့စဉ်ကျောင်းတက်နေကြသော ကျောင်းသူ ကျောင်းသားများ ကျောင်းတက်ခေါင်းလောင်းထိုးပြီဆိုလျှင် ရွတ်ဆိုရသော နိုင်ငံတော်သီချင်းသာ ဖြစ်ပါသည်။ ပေါက်ဖော်လောပန်များကတော့ ''မီလန့်ပါနဲ့ အဲတာ သီချင်း ချိုတာပါဟ''ဟု အသာလေး ဒူးနှန့်သွားကြားထိုးနေရုံသာ။

တို့ဘိုးဘွားအမွေအနှစ်ဆိုသည်မှာ စာရွက်ထဲမှာသာ ရှိသည်။ တကယ်ကတော့ ဘယ်သူမျှ မပိုင်ရပါ။ လက်တဆုတ်စာကသာ လုယက်ယူငင်ဓားပြတိုက်ကာ အာဏာနှင့် မောင်ပိုင်စီးထား၍ မြေမဲ့ယာမဲ့ အိုးမဲ့ အိမ်မဲ့များမှာ ကျူးကျော်သူဟု ဆိုင်းဘုတ်တပ်ခံနေကြရသည်။
တကယ်တော့ ဤတိုင်းပြည်မှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက နေထိုင်ကြီးပြင်းလာသူ တိုင်းရင်းသားမျိုးနွယ်များသည် မွေးလာကတည်းက သူပိုင်ဆိုင်ရမည့် ပိုင်ဆိုင်ခွင့်တွေ ရှိနေပါသည်။ သို့သော် ပိုင်ဆိုင်ခွင့်ဆိုသည်ကို မသိအောင်၊ မရှိအောင် ဖုံးကွယ်ထားသည်။ တိုင်းရင်းသား မဟုတ်သော ပြည်ပ လူမျိုးခြားများသာ ဗမာပြည်မှာ ကောင်းစားနေသော်လည်း တိုင်းရင်းသားများမှာ ပြည်ပလူမျိုးခြားများ၏ လက်အောက်မှာ ကျွန်သပေါက်ဘ၀ဖြင့်သာ ရပ်တည်နေကြရသည်။ တချိန်က တောင်အာဖရိကတွင် စိန်များ တူးဖော်ပြီး သူဌေးဖြစ်နေကြသော ပြင်သစ်များလို၊ တိုင်းရင်းသားလူမည်းများကတော့ သူတို့ခိုင်းဖက်အောက်ခြေအလုပ်များ လုပ်ကြရသည်။ ဒီကြားထဲ အဖြူ၊ အမည်း ခွဲခြားဆက်ဆံသေးသည်။

ယခုလည်း ပြည်ပမှ ငွေရှင်များ ပြည်တွင်းမှာ ပွင့်လင်းမြင်သာမှု မရှိသော စီးပွားရေးလက်ဝါးကြီးအုပ်သူ ခရိုနီ ကြီးများက စက်ကိရိယာများ၊ ယန္တရားများဖြင့် မြန်မာ့သယံဇာတများကို တူးဖော်နေချိန်တွင် ပြည်တွင်း တိုင်းရင်းသားများမှာ သူတို့စွန့်ပစ်ထားသော အမှိုက်များထဲက ရေမဆေးကျောက်ခေါ် ကျောက်ရိုင်း တုံးကလေးများကို လုယက်ကောက်ကာ မြေစာပုံပြိုကျ၍ သေဆုံးနေကြရသည်။ ထိုသေဆုံးမှုများကိုလည်း ဘယ်သူကမှ ဂရုစိုက်ပြီး စုံစမ်းဖော်ထုတ်အရေးယူခြင်းမရှိပါ။ ဤသည်ကိုလည်း လွှတ်တော် အမတ်တယောက်က တင်ပြဆွေးနွေးသွားခဲ့ပါသေးသည်။
ဤမတရားခံစားရမှုများ ဒုနှင့်ဒေးဖြစ်လာသောအခါ ယခုတက်လာသည့် ပြည်သူ့ပါတီ NLD အမတ်များမှာ ပြည်သူဘက်က ရပ်တည်သော အဆိုပြုလွှာများကို တင်ပြကြပါတော့သည်။

အထူးသဖြင့် ၂၀၁၆ ဖေဖော်ဝါရီ ၂၆ ရက်က ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် အရေးကြီးအဆို တင်သွင်းသွားသည်။

''နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အလျင်စလို ငှားရမ်းရောင်းချလွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မမဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ၊ သဘောတူညှိနှိုင်းမှုများမပြုလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှုစသည်တို့ကို နိုင်ငံတော်နှင့်နိုင်ငံ သားတို့အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ထိန်းကျောင်းတည့် မတ်ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း'' အရေးကြီး အဆိုကို တင်သွင်းသွားပါသည်။ ကျူးကျော်ဟုဆိုကာ ဘူဒိုဇာနှင့် ထိုးဖျက်ခံကြရသည့် တိုင်းရင်းသား အိုးမဲ့အိမ်မဲ့များကိစ္စကို သေသေချာချာသုတေသနပြု၍ တင်ပြသွားပါသည်။ ဤအဆိုသည် ယခုတလောဖြစ်ပေါ်နေသော အဖြစ်အပျက်များကြောင့်အရေးကြီးအဆိုအဖြစ် တင်သွင်းသွားပါသည်။

ဒေါ်ခင်စန်းလှိုင်၏ စိတ်ပါလက်ပါ တလေးတစား တင်သွင်းထားသောအဆိုကို ထောက်ခံဆွေးနွေးသူ အမတ်များလည်းရှိခဲ့သည်။ စုစုပေါင်း ၁၂ ယောက်က ဆွေးနွေးခဲ့ကြပါသည်။ ထောက်ခံမဲ ၂၇၈ မဲ၊ ကန့်ကွက်မဲ ၁၃၂ မဲ၊ ကြားနေမဲ သုံးမဲရှိပြီး ထောက်ခံမဲများသည့်အတွက် အဆိုအားဆွေးနွေးရန် လွှတ်တော်က အတည်ပြု ပေးခဲ့သည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ်တယောက်က ကျူးကျော်များကို ဖျက်ဆီးသည့်ကိစ္စတွင် ဥပဒေ၊ နည်းဥပဒေ ဆိုသည့်အသံကို ကြားလိုက်ရသေးသည်။ ကျူးကျော်များကို ဘူဒိုဇာနှင့်ထိုးပြီး ဖျက်ဆီးစဉ်က ဥပဒေ၊ နည်း ဥပဒေအရ ဖျက်ဆီးခြင်းဖြစ်ကြောင်းကို ပြည်သူလူအများသို့ တင်ပြရမည်ဖြစ်သည်။ ဥပဒေဆိုသည်မှာလည်း ပြည်သူတရပ်လုံးက လိုက်နာနိုင်သော၊ ပြည်သူက အတည်ပြုထားမှသာ ပြည်သူ့ဥပဒေဖြစ်သည်။ ပြည်သူ မပါသော ကိုယ့်သဘောနှင့်ကိုယ်ရေး ဆွဲလိုက်သောဥပဒေသည် ပြည်သူ့ဥပဒေမဟုတ်ပါ။

ပြည်သူ့ဘက်က ရပ်တည်ကာ ထက်ထက်မြက်မြက် တင်ပြသွားသော ဒေါ်ခင်စန်းလှိုင်၏ အဆိုကို နောက်ကြောင်းပြန်လိုသူ၊ လူတစု ကောင်းစားရေးအတွက် ရပ်တည်ပေးသူတို့ကတော့ ကန့်ကွက်ကြပေလိမ့် မည်။ ဒေါ်ခင်စန်းလှိုင်၏ အသက်အန္တရာယ်ကိုပင် စိုးရိမ်မိပါသည်။ သူမ အနေဖြင့် ယခင်အစိုးရသည် အာဏာ မလွှဲခင် အလျင်စလိုလုပ်ပြီး အမှားများကို ကျူးလွန်နေ၍ အမှန်ပြုပြင်နိုင်အောင်၊ ပြည်သူများ ကြည်ဖြူချစ်ခင် လာအောင် ပြုပြင်လိုသော စေတနာနှင့် တင်ပြရခြင်းဖြစ်သည်ဟု ဆိုသည်မှာလည်း လက်မခံနိုင်စရာမရှိသော တင်ပြချက်ဖြစ်သည်။

ထို့ကြောင့် ဒေါ်ခင်စန်းလှိုင်ကဲ့သို့ သွက်လက်ထက်မြက်သော လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ ဘက်က ရပ်တည်သော ပြည်သူ့အသံဖြစ်သော အဆိုပြုလွှာများနှင့်အတူ သက်မဲ့လွှတ်တော်ကို သက်ဝင် လှုပ်ရှား ပြည်သူများအားထားရသော လွှတ်တော်အဖြစ် ပြောင်းလဲနိုင်ကြပါစေဟုသာ ဆုတောင်း လိုက်ရပါသတည်း။

တင်တင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
သက်မဲ့လွှတ်တော်ဘ၀မှ သက်ရှိလွှတ်တော်ဘ၀ ပြောင်းလဲလာသော ပြည်သူ့လွှတ်တော်  သက်မဲ့လွှတ်တော်ဘ၀မှ သက်ရှိလွှတ်တော်ဘ၀ ပြောင်းလဲလာသော ပြည်သူ့လွှတ်တော် Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.