ပဲခူးဆေးရုံမှာ ကလေးသေဆုံးမှု စုံစမ်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးကို တွေ့ရစဉ်။ Photo:Bago Mintha Mintha(facebook)
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘီပိုးကာကွယ်ဆေး ထိုးခံခဲ့ရတဲ့ မွေးကင်းစကလေးငယ် ၃ ဦး သေဆုံးသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့ အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါတယ်။

ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေ ပဲခူးဆေးရုံမှာ သွားရောက်စုံစမ်းခဲ့ပြီး တွေ့ ရှိထားတဲ့ အချက်လက်တွေကို ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့ အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးမှာ တင်ပြသွားမယ်လို့ အဲ့ဒီကော်မတီဝင် တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။

"ဒီဆေးထိုးတဲ့ ကလေးတွေပဲဖြစ်တယ်၊ ဆေးမထိုးတဲ့ ကလေးတွေ ဖြစ်တာမတွေ့ဘူး၊ ဒါဖြစ်တဲ့အခါ သုံးသပ်ကြည့်တဲ့အခါကျတော့ ဆေးမှာတော့ အပြစ်တစ်ခုခုရှိတယ်ဆိုတယ်ဆိုတာမျိုးကို ပေါ်လွင်နေတယ်၊ သို့သော် ဆေးရဲ့နမူနာမရဘူး၊ အမှန်တကယ်ဆိုလို့ရှိရင် ဒီဆေးရဲ့လက်ကျန်ပေါ့ ဒီဆေးရောင်းတဲ့ဆိုင်မှာ ရှိရဦးမှာ၊ ဒါပေမဲ့ ဆေးနမူနာမရတဲ့အတွက် ဆေးကြောင့်လို့ပြောဖို့လည်း အပြည့်အဝတော့ပြောလို့တော့ မခိုင်လုံဘူးလို့ထင်တယ်လေ၊ အန်ကယ်လ်က ကိုယ်တိုင်က ကျန်းမာရေးနဲ့ အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဝင်ဆိုတော့ အန်ကယ်လ်တို့ အစည်းအဝေးကျလို့ရှိရင် အခု ဒီနေ့သွား ပြီးတော့ လေ့လာခဲ့တဲ့ဟာလေးကို ကော်မတီမှာ အန်ကယ်လ် တင်ပြပေးမှာပေါ့"

ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့က ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှာ မွေးကင်းစကလေးငယ် ၂၈ ဦးကို ပြင်ပဆေး ဆိုင်ကနေ ဘီပိုးကာကွယ်ဆေးထိုးပြီးနောက် ကလေး ၃ ဦး သေဆုံးခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ကွင်းဆင်းစစ်ဆေးရာမှာ မွေးကင်းစကလေးငယ်တွေဟာ ပိုးဝင်ပြီး သွေးအဆိပ် တတ်တဲ့ လက္ခဏာတွေ တွေ့ရတာကြောင့် ဘီပိုးကာကွယ်ဆေးထိုးတာနဲ့ ဆက်စပ်မှုရှိ မရှိကို ဆက်ပြီး စုံစမ်းနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ပဲခူးအထွေထွေရောဂါကုဆေးရုံကြီးကို ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဝင် ဦးမြင့်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံ၊ ဒေါက်တာ စန်းမောင်မောင် တို့က သွားရောက်လေ့လာခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပဲခူးဆေးရုံမှာ ကလေးသေဆုံးမှု စုံစမ်းစစ်ဆေး  ပဲခူးဆေးရုံမှာ ကလေးသေဆုံးမှု စုံစမ်းစစ်ဆေး Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.