ထွက်တော်မူ နန်းကခွာသလား၊ အောင်စေပိုင်စေလား


မတ်လ ၃၀ ရက်နေ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရဟောင်းနှင့် NLD အစိုးရသစ်တို့ အာဏာလွှဲပြောင်း အခမ်းအနား ကျင်းပကြောင်းကို စကိုင်းနက် ရုပ်သံအစီအစဉ်မှာ ပြသည်။ သမ္မတအိမ်တော်မှာ သမ္မတဟောင်းက သမ္မတ သစ်ကို အာဏာလွှဲပြောင်းမည့် အစီအစဉ်မှာတော့ နောက်ခံတီးလုံးကလည်း တီးထားတော့ ရှေးသီချင်းတပုဒ်၊ နှစ်ပုဒ်ကိုသွားသတိရမိသည်။ တပုဒ်ကတော့ ထိုအထဲကစာသားကို လူအများ မကြာခဏအသုံးပြုနေကြသည့် ယသော်ဓရာပတ်ပျိုး ဖြစ်သည်။ သိဒ္ဓတ္ထမင်းသား တောထွက်ခန်းကို သီဆိုထားသော ပတ်ပျိုးဖြစ်သည်။

''ထွက်တော်မူ . . . နန်းကခွာတယ် . . . မောင် ဖုန်းပျောက်တယ် . . . ဆောင်အုန်းဗွေမြင့်လယ်'' ဆိုသော သီချင်းဖြစ်သည်။ မတ်လ ၃၀ ရက်နေ့က သမ္မတအိမ်တော်တွင် ယခင်အစိုးရအဖွဲ့ဝန်ကြီးဟောင်းများက တဖက်၊ ယခုအသစ်တက်လာမည့် အစိုးရသစ်မှ ၀န်ကြီးများက တဖက်ထိုင်နေကြပါ သည်။ သမ္မတဟောင်း၊ ၀န်ကြီးဟောင်းများအတွက်ကတော့ ယသော်ဓရာပတ်ပျိုးထဲကလို ''ထွက်တော်မူ နန်းကခွာတယ်''ဆိုသော အခမ်းအနား ဖြစ်သည်။ စကိုင်းနက်ရုပ်မြင်အစီအစဉ်က နောက်ခံတီးလုံးကလည်း အလွမ်းသယ်နေသည့် တီးလုံးသံဖြစ်သည်။ ၀န်ကြီးသစ်နှင့် ၀န်ကြီးဟောင်းများတဖက်စီ ထိုင်နေကြစဉ် သမ္မတဟောင်း ဦးသိန်းစိန်နှင့် သမ္မတသစ် ဦးထင်ကျော်တို့ ထွက်အလာကို အချိန်အတော်ကြာစောင့်စားနေကြရသည်မှာ ဇာတ်အဖွဲ့ထဲမှာ နောက်ပိုင်း အဓိကဇာတ်မင်းသားထွက်အလာကို မျှော်ရသလို ဖြစ်နေပါသည်။

''ဘာဖြစ်လို့ ဒီလောက်ကြာနေတာလဲ၊ ဦးသိန်းစိန် ဘာအ၀တ်တွေ လဲနေတာလဲ၊ ဒါမှမဟုတ် ၀မ်းနည်းနေ လို့လား''စသဖြင့် ပရိသတ်ထံမှ ကြားနေရသည်။ ထိုင်နေကြသည့်အချိန်မှာ အစိုးရအဖွဲ့ဟောင်း ပုဂ္ဂိုလ်များ သည် ရင်ထဲမှာ ဘယ်လိုခံစားနေကြသလဲ၊ ဘာတွေ အကြံအစည်ရှိနေ ကြသလဲဆိုသည်ကို သူတို့သာ အသိဆုံး ဖြစ်သည်။

အချိန်အတန်ကြာစောင့်ပြီးမှ သမ္မတဟောင်း ဦးသိန်းစိန်နှင့် သမ္မတသစ် ဦးထင်ကျော်တို့ ထွက်လာကြပါသည်။ တကယ်က ယနေ့အာဏာလွှဲပြောင်း အခမ်းအနားကို တနိုင်ငံလုံး တီဗွီမှကြည့်ကြသည်မှာ လက်ဖက် ရည်ဆိုင်များကအစ ယခင်ဘောလုံးပွဲကြည့်သလို ပရိသတ်များ စုဝေးကာကြည့်ကြသည်။ ၀မ်းသာအားရ လက်ခုပ်လက်ဝါးတီးကြသည်။ ယခုနှစ် သင်္ကြန်ကာလမှာ ပျော်ရွှင်ပွဲသည် ယခုကတည်းက အကြိုပျော်ပွဲ ဖြစ်နေပါသည်။ ပြည်သူတရပ်လုံး ပျော်ကြသည်။ ပြည်သူတရပ်လုံး၏ အပျော်ဆုံ စည်းရာနေ့တနေ့ဖြစ်သည်။

ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေကို မျက်နှာထားတင်းတင်းနှင့် တွေ့ရသည်။ သမ္မတဦးထင်ကျော်ကို နေရာသို့ ခြံရံပို့ဆောင်သည့်ပုဂ္ဂိုလ်များထဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုလည်း တွေ့ရသည်။ ကာချုပ်မင်းအောင်လှိုင်ကတော့ မျက်နှာအပြုံးမပျက်ပါ။ ဒုသမ္မတဟောင်း ဦးဥာဏ်ထွန်းကိုမူ ဂနာမငြိမ်သည့် အမူအရာမျိုး တွေ့ရသည်။ ဒူးနှန့်နေသည်ကို တွေ့ရသည်။

သမ္မတအပြောင်းအလွှဲအခမ်းအနားကို ဒီ့ထက်ခမ်းနားစွာကျင်းပရန် လိုပါသည်။ ဘာကြောင့်လဲဆိုလျှင် မြန်မာ ပြည်သူတရပ်လုံး အာရုံစိုက်သောကြောင့်ဖြစ်သည့်အပြင် ယခင် ကြံ့ဖွံ့အစိုးရ တချိန်လုံးသုံးနှုန်းခဲ့သော နိုင်ငံရေးယဉ်ကျေးမှုအရ ဖြစ်သည်။
သမ္မတဦးထင်ကျော်က ပြည်သူအား မိန့်ခွန်းပြောကြားသလို သမ္မတဟောင်း ဦးသိန်းစိန်ကလည်း ပြည်သူသို့ နှုတ်ဆက်မိန့်ခွန်းပြောကြားသင့်သည်။ ထို့ပြင် ဒုသမ္မတအဟောင်း၊ အသစ်၊ ၀န်ကြီး အဟောင်း၊ အသစ်တို့ မှာလည်း တဦးကိုတဦး သဘောထားကြီးစွာ၊ ကြည်ဖြူစွာ လက်ဆွဲနှုတ်ဆက်ကြရန် လိုသည်။

အစိုးရအဖွဲ့ဟောင်းများအတွက် ''ထွက်တော်မူ နန်းကခွာတယ်'' ဆိုသော ယသော်ဓရာပတ်ပျိုးကို သတိရမိ သော်လည်း အစိုးရအဖွဲ့သစ်အတွက်မူ 'အောင်စေ ပိုင်စေ နိုင်စေ' သီချင်းကို သတိရစေသည်။ ၁၉၉၀ ပြည့်နှစ်တုန်းက NLD ရွေးကောက်ပွဲမှာ အနိုင်ရသည့်အခါ ပြည်ပ အသံလွှင့်ဌာနတခုဖြစ်သော VOA အမေရိကန် မြန်မာသံက လွှင့်ခဲ့သည်မှာ 'အောင်စေ ပိုင်စေ နိုင်စေ ပွဲပေါင်း''ဆိုသော သီချင်းတပုဒ်ဖြစ်သည်။ အလွန် ကျက်သရေမင်္ဂလာရှိသော သီချင်းဖြစ်သည်။
မြန်မာအစိုးရသစ်ကို ပေါ်ပေါက်စေသည့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ယခင် အာဏာရှင် ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ''ဒေါ်အောင်ဆန်းစုကြည်သည် အနာဂတ် မြန်မာနိုင်ငံ၏ ခေါင်း ဆောင်ဖြစ်မည်''ဟု ပြောကြားထားပါသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက် (၇၁)နှစ်မြောက် တော်လှန်ရေးနေ့(တပ်မတော်နေ့)ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (တပ်မတော် ကာကွယ်ရေးဦးစီးချုပ်)ကလည်း ''တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွားကို ဖြစ်ထွန်းအောင်မြင်အောင် ဖော်ဆောင်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း''ပြောကြားသွားပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့တပ်မတော်က ဒီမိုကရေစီကိုဖော်ဆောင်သွားမည်ဟုဆိုခြင်းမဟုတ်ဘဲ 'ပူးပေါင်းဆောင်ရွက်သွားမည်'ဟု ပြောသည်မှာလည်း အဓိပ္ပာယ်ရှိပါသည်။ ပူးပေါင်းသည် ဆိုကတည်းက မည်သူနှင့် ပူးပေါင်းမည်နည်း။ ဒီမိုကရေစီအစိုးရနှင့်သာ ဒီမိုကရေစီကို ပူးပေါင်းဆောင်ရွက်သွားရမည်မဟုတ်ပါလား။ ထို့ကြောင့် သူ၏ 'ပူးပေါင်းဆောင်ရွက်သွားမည်'ဆိုသည့် စကားမှာ ကြိုဆိုရမည့်စကား ဖြစ်ပါသည်။

ဤ NLD အစိုးရ၏ အောင်ပွဲသည် NLD ပါတီတခုတည်း၏ အောင်ပွဲမဟုတ်ပါ။ ၁၉၆၂ ခုနှစ်ကတည်းက စစ်အစိုးရကို နည်းမျိုးစုံနှင့် ကာလကြာရှည်တိုက်ပွဲဝင်ခဲ့ကြသော ခေတ်အဆက်ဆက်က တိုက်ပွဲဝင် သူရဲ ကောင်းတို့၏ ကိုယ်ကျိုးစွန့်မှုတို့ကို မေ့ပစ်၍မရနိုင်ပါ။ လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ ခံယူချက်၊ ယုံကြည်ချက် အမျိုးမျိုး ကွဲပြားမှုရှိကောင်းရှိပါလိမ့်မည်။ သို့သော် စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြရာမှာတော့ တခု တည်းသော ရည်မှန်းချက်ပန်းတိုင်ဖြစ်ပါသည်။
ထို့ပြင် ဒီမိုကရေစီစနစ်ကို ရှောရှောရှူရှူ ငြိမ်းငြိမ်းချမ်းချမ်းပေးခဲ့သည်ဟု စစ်အာဏာရှင် တဖြစ်လဲ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအစိုးရက မကြာခဏပြောခဲ့သည်။ ဤသို့ ငြိမ်းငြိမ်းချမ်းချမ်းပေးသည်ဆိုခြင်းကို ပြည်သူလူထုက တကယ်ရော ယုံမှတ်နေကြပါသလား။

ဤသို့သော အခြေအနေတရပ် ဖြစ်လာရန်အတွက် နှစ်ပေါင်း ၅၀ ကျော်ကြာ အသေအကျေခံ၊ ထောင်သွင်း အကျဉ်းချခံ၊ တကျွန်းအကျခံကာ တိုက်ပွဲဝင်ခဲ့ကြသူများ ယနေ့ထိ ရှိနေကြဆဲပါ။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ အရပ်သား လူထုလူတန်းစား အသီးသီး၏ စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်ခဲ့ကြသည့် ၁၉၈၈ အရေးတော်ပုံကိုလည်း မမေ့အပ်ပါ။
ထို့ကြောင့် စစ်အာဏာရှင် ဆန့်ကျင်သူများ၊ ကျဆုံးသွားသူများကို စာရင်းဇယားပြုစု၍ အညတြစစ်သည်တော် ဗိမာန်လို ဗိမာန်ဆောက်လုပ်ထားသင့်ပါသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်ကာလက ဖက်ဆစ်တို့အောက်တွင် အသက်ပျောက်ခဲ့ရသော စစ်သည်တော်များကို ကမ္ပည်းမော်ကွန်းထိုးကာ အမှတ်တရ မှတ်တမ်းစိုက်ထူထား သော ထောက်ကြန့်ရှိ စစ်သချိုင်္င်းလို ဆောက်လုပ်မှတ်တမ်းတင်ထားရမည်ဖြစ်သည်။

ခေတ်တခေတ်ပြောင်းလဲရန်မှာ လူတဦးတယောက်တည်းက ပြောင်း၍မရ။ လူအများက ပြောင်းလဲရန် လိုလားကာ လှုပ်ရှားရုန်းကန် တိုက်ပွဲဝင်ပါမှ ခေတ်ပြောင်းသွားရခြင်း ဖြစ်သည်။
ခွင့်လွှတ်သင့်သူများကိုတော့ ခွင့်လွှတ်ရမည်ဖြစ်သော်လည်း သမိုင်းဆိုသည်မှာတော့ မေ့ပစ်ရန် မဟုတ်ပါ။ သမိုင်းကတော့ အမှန်အကန် မှတ်တမ်းတင်လိမ့်မည် ဖြစ်သတည်း။

တင်တင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ထွက်တော်မူ နန်းကခွာသလား၊ အောင်စေပိုင်စေလား  ထွက်တော်မူ နန်းကခွာသလား၊ အောင်စေပိုင်စေလား Reviewed by THITHTOOLWIN on 11:53 Rating: 5
Powered by Blogger.