ပြည်ထောင်စု ဝန်ကြီးများ အဖြစ် ခန့် အပ် တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်း မတ်လ ၂၂ ရက် လွှတ်တော် အစည်းအဝေးတွင် တင်ပြမည်

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

    နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်ထံမှ အဆိုပြုတင်ပြထားသည့် ပြည်ထောင်စု ၀န်ကြီးများ အဖြစ် ခန့် အပ်တာဝန် ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက မတ်လ ၂၂ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်ပြမည် ဖြစ်ကြောင်း အစီအစဉ် လျာထားချက်အရ သိရသည်။

ထိုကိစ္စနှင့် စပ်လျဉ်း၍ ကန့် ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာခြင်းများကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ မတ်လ ၂၁ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ အဖြစ် ရွေးကောက် ခံရသော ဦးထင်ကျော် တင်သွင်းလာသော ဝန်ကြီးဌာန ၂၁ ဌာနနှင့် ပြည်ထောင်စု ဝန်ကြီး ၁၈ ဦး ထားရှိမှုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

ထို့ ပြင် မတ်လ၂၂ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၅ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဝင်က ရှင်းလင်း တင်ပြခြင်း ၊ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် ရှိပါက ဆွေးနွေးခြင်း နှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်းများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ပြည်ထောင်စု ဝန်ကြီးများ အဖြစ် ခန့် အပ် တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်း မတ်လ ၂၂ ရက် လွှတ်တော် အစည်းအဝေးတွင် တင်ပြမည်  ပြည်ထောင်စု ဝန်ကြီးများ အဖြစ် ခန့် အပ် တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်း မတ်လ ၂၂ ရက် လွှတ်တော် အစည်းအဝေးတွင် တင်ပြမည် Reviewed by THITHTOOLWIN on 12:34 Rating: 5
Powered by Blogger.