ပဲခူး ကလေးသေဆုံးမှု ကျန်းမာရေးဝန်ကြီးဌာန ရှင်းပြီ


ပဲခူးမြို့ အထွေထွေ ရောဂါကုဆေးရုံကြီးတွင် မွေးဖွားခဲ့သည့်ကလေးငယ်(၂၈)ဦး ကို ပုဂ္ဂလိကဆေးဆိုင်မှ အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေး ဝယ်ယူထိုးနှံခဲ့ပြီး ၎င်းအနက် ဆေးရုံမှဆင်းသွားခဲ့သော ကလေးငယ် (၁၄)ဦး တွင် (၂)ဦးမှာ ၄င်းတို့ နေအိမ်များ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးရုံကြီးတွင် မတ် ၄ ရက်မှ ၇ ရက်အတွင်း ကလေးငယ် (၄၃)ဦး မွေးဖွားခဲ့သည့်အနက် (၂၈)ဦးကို ပုဂ္ဂလိကဆေးဆိုင်မှ ဝယ်ယူ လာသည့် အသည်းရောင် အသားဝါ(ဘီ)ပိုးကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း၊ ၎င်းအနက် (၁၄)ဦးသည် ဆေးရုံမှ ဆင်းသွားပြီးနောက် (၂)ဦးမှာ ၄င်းတို့၏နေ အိမ်၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊

ကျန် ကလေးငယ် (၁၂)ဦးကို ဆေးရုံ သို့ ပြန်လည်ခေါ်ယူ၍ စမ်းသပ်စစ်ဆေးခဲ့ပြီး (၁၀)ဦးကို ဆေးရုံကြီး မွေးကင်း စကလေးကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ ကျန်ကလေး ငယ်(၂)ဦးမှာ ၄င်းတို့၏ နေအိမ်များတွင်သာ စောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။


ဆေးရုံတွင် ဆက်လက်တက်ရောက်လျက်ရှိသည့် ကလေးငယ်(၁၄)ဦးအနက် ကလေးငယ်တစ်ဦးမှာ အသက်ရှူကြပ်ခြင်း၊ အဆုပ်ကောင်းစွာ အလုပ် မလုပ်ခြင်း၊ ကျန် (၁၃)ဦးမှာ ရုတ်တရက်တက်ခြင်းရောဂါများ ဖြစ်ပွားခဲ့၍ မတ် ၇ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၄၀ မှ စတင်၍ သားဖွားမီးယပ်ကုသဆောင်မှ ကလေးကုသဆောင်သို့ လွှဲပြောင်း၍ စောင့်ကြပ်ကြည့်ရှုနေစဉ် တစ်ဦးမှာသေဆုံးခဲ့ကြောင်း၊ ၄ ဦးမှာ စိုးရိမ်ရသဖြင့် မတ် ၉ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် အထူးကုဆရာဝန်များနှင့် သူနာပြုများ ကြီးကြပ် လိုက်ပါလျက် လူနာတင်ယာဉ်များဖြင့် ရန်ကင်းကလေးဆေးရုံကြီး အထူးကြပ်မတ် ကုသဌာန သို့ လွှဲပြောင်းကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ကျန်(၁၀)ဦးမှာ မွေးကင်းစကလေးကုသဆောင်၌ စောင့်ကြပ်ကြည့်ရှုကုသလျက်ရှိကြောင်း သိရသည်။


စစ်ဆေးတွေ့ရှိချက်အရ ကလေးငယ်(၂၈)ဦး ထိုးနှံခဲ့သည့် အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးမှာ ကျန်းမာရေးဝန်ကြီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုး စီမံချက်ဖြင့် ဆောင်ရွက်သော လုပ်ငန်း မဟုတ်ကြောင်း၊ မွေးကင်းစ ကလေးငယ်များတွင် ပိုးဝင်၍သွေး အဆိပ် တက်ခြင်း လက္ခဏာများ တွေ့ရှိမှုမှာ ကာကွယ်ဆေးထိုးခြင်းနှင့် ဆက်စပ်ခြင်း ရှိ/မရှိ ဆက်လက်စုံစမ်းနေကြောင်းသိရသည်။

အဆိုပါကလေးငယ် (၂၈)ဦးအား ပြင်ပမှဝယ်ယူ ထိုးနှံပေးသည့် ကာကွယ်ဆေး များ မှာ ပဲခူးမြို့၊ ပုဂ္ဂလိက ဆေးဆိုင်မှ Engerix B နှင့် Hepavax B ဆေးများဖြစ်ရာ အဆိုပါ ဆေးများသည် ဆေးဝါးအစစ်အမှန် ဟုတ်/မဟုတ်၊ တရားဝင်လိုင်စင်ဖြင့် တင်သွင်းခြင်း ဟုတ်/ မဟုတ်နှင့် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်ပုံတင် ထားခြင်း ရှိ/မရှိတို့အား ဆက်လက်စိစစ်ဖော်ထုတ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ပဲခူး ကလေးသေဆုံးမှု ကျန်းမာရေးဝန်ကြီးဌာန ရှင်းပြီ  ပဲခူး ကလေးသေဆုံးမှု ကျန်းမာရေးဝန်ကြီးဌာန ရှင်းပြီ Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.