၁၀ တန်း စာမေးပွဲကြီးအတွက် ဗေဒင်၊ ယတြာအစီအရင်ပြုလုပ်ကြသဖြင့် ရန်ကုန်မြို့ တန်ခိုးကြီးဘုရားကြီးများ၌ ကန်တော့ပွဲရောင်းအားကောင်း


မတ်လ ၉ ရက်တွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး နီးကပ်လာသည်နှင့်အမျှ ရန်ကုန်မြို့ရှိ တန်ခိုး ကြီးဘုရားများတွင် အုန်းသီး၊ ငှက်ပျောသီး ကန်တော့ပွဲရောင်းချမှုများ သိသိသာသာတိုးတက်လာကြောင်း ကန်တော့ပွဲနှင့် နိဗ္ဗာန်ကုန် အရောင်းဆိုင်များမှ သိရသည်။
ရွှေတိဂုံစေတီတော်ကြီးရင်ပြင်တော် မြောက်ဘက်မုခ်စောင်းတန်းထိပ်ရှိ ယက္ခမယ်တော်ကြီးရုပ်တုရှေ့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများမှာ ၎င်းတို့စာမေးပွဲဖြေဆိုခွင့်ကတ်များကို မိတ္တူ ဆွဲ၍ ကန်တော့ပွဲများကြားညှပ်ကာ စာမေးပွဲဖြေဆိုရာတွင် အနှောင့်အယှက်ကင်းအောင် ကန်တော့ပွဲလှူ၍ ဆုတောင်းလေ့ရှိကြောင်း သိရသည်။

''ဒီလပိုင်းမှာ ရောင်းအားက သိသိသာသာ တိုးလာတယ်။ စာမေးပွဲဖြေမယ့် ကလေးတွေရဲ့မိဘတွေက အ၀ယ် များတယ်။ ခါတိုင်းရက်တွေကတော့ ဒီလိုပဲ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအတွက် အဓိဋ္ဌာန်နဲ့ ကန်တော့ပွဲ ၀ယ်တဲ့သူများတယ်။ စာမေးပွဲဖြေမယ့်ကလေးတွေက ဗိုလ်တထောင် ဘိုးဘိုးကြီး၊ အဘဘိုးမင်းခေါင်နဲ့ အစ်မ တော်မြနန်းနွယ်ဆီမှာ ကန်တော့ပွဲလှူပြီး စာမေးပွဲအောင်ဖို့ ဆုတောင်းကြတယ်''ဟု ဗိုလ်တထောင် ကျိုက်ဒေး အပ်ဆံတော်ရှင်စေတီတော်ကြီးတွင် ကန်တော့ပွဲနှင့် နိဗ္ဗာန်ကုန်ရောင်းချသူ ကသစ်ပန်းဆိုင်ပိုင်ရှင် ကိုသားချိုထံ မှ သိရသည်။

ဗိုလ်တထောင်စေတီတော်တွင် ကန်တော့ပွဲတပွဲလျှင် အနည်းဆုံး ကျပ် ၂,၅၀၀ အများဆုံး ကျပ် ၂၅,၀၀၀ ထိ အလှူရှင်ပေါ်မူတည်ပြီးရောင်းချလေ့ရှိပြီး ကန်တော့ပွဲအရောင်းဆိုင် စုစုပေါင်းရှစ်ဆိုင်ရှိကြောင်း သိရသည်။
''ကိုယ့်သားသမီး စာရတယ်၊ မရဘူးဆိုတာ မိဘက သိတာပေါ့။ စာမကျက်ဘဲ သွားဖြေရင် ဘာယတြာပဲလုပ် လုပ် အောင်မှာမဟုတ်ဘူး။ အခုလို ဗေဒင်မေး၊ ယတြာချေပေးနေတာ စာမေးပွဲဖြေတဲ့အခါ အနှောင့်အယှက်၊ ဘေးအန္တရာယ်ကင်းအောင် ကျန်းမာရေးကောင်းအောင်၊ ချောချောမွေ့မွေ့ဖြေနိုင်အောင် လုပ်ပေးတာ။ ၁၀ တန်းစာမေးပွဲက နတ်ကြီးတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကစာလည်းရထားတယ်။ ယတြာတွေ၊ ဘာ တွေလုပ်ထားတော့ ပိုပြီးစိတ်ချရတာပေါ့''ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ အသက် (၄၂)နှစ်ရှိ ၁၀ တန်း ကျောင်းသားမိဘတဦးက ပြောသည်။

အလားတူ ရွှေတိဂုံစေတီတော်မြတ် ကြီးတွင်လည်း ကန်တော့ပွဲရောင်းချမှု သိသာစွာ တိုးလာ၍ ကျောင်းသား မိဘတဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း ကန်တော့ပွဲများ ၀ယ်ယူကြကြောင်း ဆုထူးပန်ကန်တော့ပွဲအရောင်းဆိုင်မှ သိရသည်။
''ကန်တော့ပွဲက ဒီရက်မှာ တော်တော်ရောင်းရတယ်။ ကျောင်းသားမိဘတွေရော၊ ဆရာမတွေရော ကျောင်း သားတွေပါ လာဝယ်ကြတယ်။ ပြီးရင် သူတို့ဆီမှာပါလာတဲ့ ဓာတ်ပုံလေးတွေ၊ ခုံနံပါတ်တွေ၊ နာမည်တွေ၊ ဖြေဆို မယ့်နေရာတွေကို စက္ကူတရွက်ပေါ်ရေး ကန်တော့ပွဲကြားညှပ်ပြီး ယက္ခမယ်တော်ကြီးရယ်၊ ရွှေတိဂုံဘုရားအောင် မြေရယ်၊ ရွှေတိဂုံဘိုးဘိုးကြီးရယ် နေရာအသီးသီးမှာ လှူပြီးဆုတောင်းကြတယ်''ဟု ရွှေတိဂုံစေတီတော်တွင် ကန်တော့ပွဲရောင်းချသူတဦးထံမှ သိရသည်။

''ဗေဒင်ယတြာဆိုတာ ယုံကြည်မှုနဲ့ဆိုင်တယ်။ ဘုရားယတြာဆိုတာ လှူဒါန်းရတာ ကုသိုလ်တောင်ရသေးတယ်။ ဖေဖော်ဝါရီလတည်းက ဆရာဇင်ယော်နီ ဦးဆောင်ပြီး ဗေဒင်ဆရာအဖွဲ့က ပုလဲမြို့သစ်မှာ ၁၀ တန်းဖြေမယ့် ကလေးတွေ အဆင်ပြေအောင် န၀င်းယတြာလုပ်ပေးတယ်။ အယုတ်၊ အလတ်၊ အမြတ်မရွေး ယတြာအလကား လုပ်ပေးတယ်''ဟု ဗေဒင် ဆရာမဒေါ်ဝင်းမူယာအောင်ထံမှ သိရသည်။
ရွှေတိဂုံဘုရားတွင် ကန်တော့ပွဲတပွဲလျှင် အနည်းဆုံး ကျပ် ၆,၀၀၀ မှ အများဆုံးကျပ် ၄၅,၀၀၀ ထိ ဈေးရှိ ကြောင်း ကန်တော့ပွဲရောင်းချရာမှ ရရှိသောငွေမှာ တရက်လျှင် ၁၀ သိန်းကျော်ခန့်ရရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို မတ်လ ၉ ရက်မှ ၁၈ ရက်ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တက္ကသိုလ် ၀င် စာမေးပွဲဝင်ခွင့်ကတ်ပြားကို ရန်ကုန်တိုင်းဒေသကြီးတွင် ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။ စာမေးပွဲဖြေဆိုရန် တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနအပါအ၀င် စာစစ်ဌာန စုစုပေါင်း ၁,၄၇၀ ၌ ဖြေဆိုသူဦးရေ စုစုပေါင်း ၆၇၁,၄၃၁ ဦး ၀င်ရောက်ဖြေဆိုရန် စာရင်းပေးထားကြောင်း သိရ သည်။

အောင်သူရိန်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
၁၀ တန်း စာမေးပွဲကြီးအတွက် ဗေဒင်၊ ယတြာအစီအရင်ပြုလုပ်ကြသဖြင့် ရန်ကုန်မြို့ တန်ခိုးကြီးဘုရားကြီးများ၌ ကန်တော့ပွဲရောင်းအားကောင်း ၁၀ တန်း စာမေးပွဲကြီးအတွက် ဗေဒင်၊ ယတြာအစီအရင်ပြုလုပ်ကြသဖြင့် ရန်ကုန်မြို့ တန်ခိုးကြီးဘုရားကြီးများ၌ ကန်တော့ပွဲရောင်းအားကောင်း Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.