မင်းဘူးမြို့တွင် ကုန်တင်ကား အမိုးကိုင်းနှင့် လျှပ်စစ်မီးကြိုး ပွတ်တိုက်မိ၍ မီးလောင်မှု ဖြစ်ပွား


မင်းဘူး မတ် ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၄) ရပ်ကွက်တွင် မတ်လ (၃၀)ရက်နေ့ ညနေ (၀၄း၂၀) နာရီအချိန်က ကုန်တင်ကား တစ်စီး ရပ်ကွက်အတွင်း သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးနှင့် ပွတ်တိုက်မိရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ မန္တလေးမြို့မှ စစ်တွေမြို့သို့ ထွက်ခွာသည့် မင်းဘူးမြို့ အမှတ်(၄) နယ်မြေ၊ မကျီးချောင်း ရပ်ကွက်နေ ယာဉ်မောင်း ကိုအောင်(ခ) ဖိုးအောင် (၃၇)နှစ်၊ (ဘ) ဦးမြင့်သန်း မောင်းနှင်သော ယာဉ်အမှတ် (3B.6019) ကုန်တင်ယာဉ်သည် မတ်လ (၃၀)ရက်နေ့တွင် မင်းဘူးမြို့ ယာဉ်မောင်း နေအိမ် သို့ ရောက်ရှိခဲ့သည်။ ယင်းနေ့ ညနေ(၄)နာရီတွင် မကျီးချောင်းရပ်ကွက် နေအိမ် မှ စစ်တွေမြို့သို့ ဆက်လက် ထွက်ခွာရန် စတင် မောင်းနှင်လာစဉ် ရပ်ကွက် အတွင်း သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးနှင့် ကားအမိုးကိုင်း ပွတ်တိုက်မိရာ ကားပေါ်ရှိ ကုန်ပစ္စည်းများပေါ် မီးပွားများ လွှင့်စင်ကာ ညနေ(၀၄း၂၀) နာရီတွင် မီးစတင် လောင်ကျွမ်းခဲ့ရာ ရပ်ကွက် အတွင်းရှိ နေအိမ်များ မီးကူးစက် လောင် မည် စိုး၍ မမင်းပူး ဘုရားဝန်းရှေ့သို့ အမြန် မောင်းနှင်ခဲ့သည်။ အခင်း ဖြစ်နေရာ သို့ မင်းဘူးမြို့နယ် မီးသတ် ဦးစီးဌာနမှ မီးသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦးဖြင့် ငြှိမ်းသတ် ခဲ့ရာ ညနေ (၀၄း၃၀)နာရီတွင် မီးငြိမ်းသွားခဲ့သည်။


အဆိုပါ မီးလောင်မှုတွင် ပလပ်စတစ်ကြိုးခွေအိပ် (၈)အိပ်၊ ဂဏန်းထည့် ဖော့ဖာ များ၊ ထော်လာဂျီယာဉ် (၁)စီး၊ တရုတ်(125) ဆိုင်ကယ် (၄)စီး၊ ကြက်ဥသေတ္တာ (၃၀)လုံး၊ လက်ဘက်ရည် အချိုခြောက်အိပ်ကြီး (၃)အိပ် မီးလောင် ဆုံးရှုံး၍ ယာဉ်မောင်း ကိုအောင် (ခ)ဖိုးအောင်အား အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

တင်ထွန်းဦး (မင်းဘူး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မင်းဘူးမြို့တွင် ကုန်တင်ကား အမိုးကိုင်းနှင့် လျှပ်စစ်မီးကြိုး ပွတ်တိုက်မိ၍ မီးလောင်မှု ဖြစ်ပွား  မင်းဘူးမြို့တွင် ကုန်တင်ကား အမိုးကိုင်းနှင့် လျှပ်စစ်မီးကြိုး ပွတ်တိုက်မိ၍ မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.