ယာဉ်မောင်းအိပ်ငိုက်၍ ကားအရှိန်မထိန်းနိုင်ဘဲ ချောင်းအတွင်းထိုးကျ


မြိတ် မတ် ၁ဝ

ကော့သောင်းမြို့မှ မြိတ်မြို့ဘက်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာသော ယာဉ်မောင်း ရွှေတစ်ဆုတ်(၃၆)နှစ် ကော့သောင်းမြို့နေသူ မောင်းနှင်လာသည့် 4J/---- Super Custom အမျိုးအစား ၁၂ ဦးတင် မှန်လုံကားသည် မတ် ၁ဝ ရက် နံနက် ၄ နာရီက မြိတ်မြို့ ပသောင်းကျေးရွာအုပ်စု တက်လက်ငယ်ကျေးရွာ မိုင်တိုင် အမှတ် (၃၁/၃၂)အကြား တက်လက်ငယ်ရိုးချောင်း ကွန်ကရစ်တံတားအရောက်တွင် ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ တံတား၏ ယာဘက်အားတိုက်မိကာ ရိုးချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်တစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရှိခဲ့သည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ရွှေတစ်ဆုတ်တွင် ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည် ၁၂ ဦးအနက် သံဖြူဇရပ်မြို့နယ်နေသူ ဦးလှ(၆၆ နှစ်)၊ ဒေါ်ရိန်း(၅၇ နှစ်)၊ မခင်သန်းထွေး(၂၂ နှစ်)၊ ခမောက်ကြီးမြို့နယ် နေသူ မမိုးဦး(၂၂ နှစ်)၊ မနန္ဒာဇင်(၁ဝ နှစ်)နှင့် သံဖြူဇရပ်မြို့နယ်နေသူ ဒေါ်အေးကြည်(၄၁ နှစ်)တို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး မြိတ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသခံယူလျက်ရှိသည်။ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူလျက်ရှိသော ဒေါ်အေးကြည် (၄၁ နှစ်)သည် နံနက် ၁ဝ နာရီခွဲခန့်တွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ရွှေတစ်ဆုတ် (၃၆နှစ်)အား မြိတ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်ဦး (မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်မောင်းအိပ်ငိုက်၍ ကားအရှိန်မထိန်းနိုင်ဘဲ ချောင်းအတွင်းထိုးကျ  ယာဉ်မောင်းအိပ်ငိုက်၍ ကားအရှိန်မထိန်းနိုင်ဘဲ ချောင်းအတွင်းထိုးကျ Reviewed by THITHTOOLWIN on 12:10 Rating: 5
Powered by Blogger.