ကလေးမြို့နယ် ရာဇဂြိုဟ် ၁ အကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၁၁ ဦးထွက်ပြေး၊ သုံးဦးသာ ပြန်လည်ဖမ်းဆီးရမိ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ် ၁ အကျဉ်းဦးစီးဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် အကျဉ်းသားများက ရေမြောင်းများ၊ လယ်ကွက်များပြုပြင်ခြင်း လုပ်ငန်းများ လုပ်ကိုင်စဉ် အကျဉ်းသား ၁၁ ဦး ထွက်ပြေးရာ ရှစ်ဦး လွတ်မြောက်သွားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ယင်းစခန်းတွင် စီမံကိန်း စိုက်ပျိုးရေးရာသီမတိုင်မီ အကျဉ်းစခန်းနှင့် ကပ်လျက်ရှိသော ရေမြောင်းများ ပြုပြင်ခြင်း၊ လယ်ကွက်များပြုပြင်ခြင်း လုပ်ငန်းများ ကို မတ်လ ၇ ရက်နေ့က လုပ်ကိုင်စဉ် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

"လောလောဆယ်တော့ သုံးဦးပဲ ဖမ်းမိသေးတယ်။ ထွက်ပြေးသွားတဲ့သူတွေ ပြန်လည်ဖမ်းဆီးရမိဖို့ မြို့နယ်ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကျဉ်းသား ၁၂၇ ဦးပါဝင်သည့် ရှေ့တန်းတပ်ခွဲအား အကျဉ်းဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များသည် .၃၀၃ ရိုင်ဖယ် သုံးလက်၊ ၉ မမစတင်းတစ်လက်ဖြင့် လုံခြုံရေးလိုက်ပါ ကြီးကြပ်ခဲ့ရာ အကျဉ်းသား ၁၂၇ ဦးအနက် ၁၁ ဦးမှာ တောစပ်အား အကာအကွယ်ယူ၍ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးသွားသည့် အကျဉ်းသားများအား လုံခြုံရေးဝန်ထမ်းများက .၃၀၃ ရိုင်ဖယ်သေနတ်ဖြင့် ငါးချက် ပစ်ခတ် ဟန့်တားရာ သုံးဦးမှာ ထိခိုက်ဒဏ်ရာမရရှိဘဲ ချက်ချင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ရှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက် သွားသူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် တမူးမြို့နယ်၊ မော်လိုက်မြို့နယ်၊ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်တို့မှ ပိတ်ဆို့ရှာဖွေမှုများ ချိတ် ဆက်ဆောင်ရွက်လျက်ရှိပြီး ကျန်ခရိုင် ရဲတပ်ဖွဲ့များကိုလည်း ဆက်သွယ်အကြောင်းကြားထားကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
ကလေးမြို့နယ် ရာဇဂြိုဟ် ၁ အကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၁၁ ဦးထွက်ပြေး၊ သုံးဦးသာ ပြန်လည်ဖမ်းဆီးရမိ  ကလေးမြို့နယ် ရာဇဂြိုဟ် ၁ အကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၁၁ ဦးထွက်ပြေး၊ သုံးဦးသာ ပြန်လည်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.