ရန်ကုန် ရွှေပြည်သာမီး နေအိမ်သုံးလုံးဆုံးရှုံး


နိရဉ္စရာ၊ မတ်လ ၁၇

ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ဇီဇ၀ါ လမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ပျဉ်ထောင်သွပ်မိုး နှစ်ထပ် နေအိမ်နှစ်လုံးနှင့် ပျဉ်ထောင် တစ်ထပ်အိမ် တစ်လုံး စုစုပေါင်း နေအိမ်သုံးလုံး မီးထဲပါသွားကြောင်း သတင်း ရရှိသည်။

မီးလောင်ရာသို့ မီးသတ်ကားများ အချိန်မီ ရောက်ရှိလာပြီး ၀ိုင်းဝန်း ငြိမ်းသတ်ကြရာ နေ့လယ် ၂ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

၎င်းမီးသည် ဇီဇ၀ါလမ်း အမှတ် ၈၆ (ခ) ဦးအေးသိန်း နေအိမ်မှ စတင် လောင်ကျွမ်းခဲ့ပြီး အိမ်သုံးလုံး ဆုံးရှုံးမှု ပမာဏမှာ ကျပ်သိန်း ၂၁ သိန်း ငါးသောင်းဖိုး ရှိကြောင်း သိရသည်။


မီးသတ်ရာတွင် မီးသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၃ စီး၊ ကွပ်ကဲမှု ယာဉ် ၃ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၈၄ ဦး၊ အရန်တပ်ဖွဲ့ဝင် ၉၀ ဦးတို့ဖြင့် level အဆင့် ၁ သတ်မှတ် မီးငြိမ်းသတ်ခဲ့ရသည်ဟု မီးသတ်အရာ ရှိ တစ်ဦးက ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်ပြီး ရွှေပြည်သာမြို့နယ်အမှတ် (၅) ရပ်ကွက်၊ ဇီဇ၀ါလမ်းနေ အမှတ် ၈၆ (ခ) အိမ်ပိုင်ရှင်အား (ပ) ၂၈၈/ ၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

စောမင်းဦး (ရွှေပြည်သာ)
Arakan State
https://www.facebook.com/NarinjaraNews/
ရန်ကုန် ရွှေပြည်သာမီး နေအိမ်သုံးလုံးဆုံးရှုံး  ရန်ကုန် ရွှေပြည်သာမီး နေအိမ်သုံးလုံးဆုံးရှုံး Reviewed by THITHTOOLWIN on 16:58 Rating: 5
Powered by Blogger.