အီဂျစ် ခရီးသည်တင်လေယာဉ် ပြန်ပေးဆွဲ ခံရ


ခရီးသည် ၅၅ ယောက်လိုက်ပါလာတဲ့ အီဂျစ်ခရီးသည်တင်လေယာဉ်တစီးကို ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ခါးပတ်တခုကို ၀တ်ထားတဲ့သူတယောက်က လေယာဉ်ကို အပိုင်စီးပြီး ဒီကနေ့ Cyprus နိုင်ငံမှာ ဆင်းသက်ခိုင်းခဲ့ပါတယ်။

ပြန်ပေးဆွဲသူနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ လေယာဉ်ပေါ်မှာပါတဲ့ လူ ၇ ယောက်ကို ချန်ပြီး ကျန်တဲ့သူအားလုံးကို လေယာဉ်ကနေ ထွက်ခွာခွင့် ပေးခဲ့တယ်လို့ အီဂျစ်အရပ်ဘက်လေကြောင်းဌာန ၀န်ကြီး Sherif Fathy က ပြောပါတယ်။ အီဂျစ်နိုင်ငံ Alexandria မြို့ကနေ Cairo မြို့ကိုအသွား လမ်းမှာ ခုလို လေယာဉ် စီးနင်းခံရတာပါ။ လေယာဉ်ပေါ်မှာကျန်ခဲ့သူတွေထဲမှာတော့ ၀န်ထမ်း ၄ ဦးနဲ့ ခရီးသည် ၃ ဦး ပါပါတယ်။

လေယာဉ်စီးနင်းထားသူ ဘယ်သူဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုဖို့ကိုတော့ ၀န်ကြီး Fathy ငြင်းဆန်ထားပြီး လောလောဆယ် ဘာမှ ခိုင်ခိုင်မာမာ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ အခု လေယာဉ်စီးနင်းမှုဟာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆက်နွယ်မှု မရှိဘူးလို့ ဆိုက်ပရပ်စ် နိုင်ငံ သမ္မတ Nicos Anastasiades က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အီဂျစ် ခရီးသည်တင်လေယာဉ် ပြန်ပေးဆွဲ ခံရ  အီဂျစ် ခရီးသည်တင်လေယာဉ် ပြန်ပေးဆွဲ ခံရ Reviewed by THITHTOOLWIN on 19:12 Rating: 5
Powered by Blogger.