ရေစုပ်စက်နှင့် ထမီစငြိပါသွားရာမှ အမျိုးသမီးတစ်ဦးသေဆုံး


မင်းဘူးမြို့နယ် ရွာမကန်ကျေးရွာတွင် ရေစုပ်စက်အနီး ဖြတ်လျှောက်ရာမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရသေဆုံးခဲ့မှု ယမန်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မင်းဘူးခရိုင် ဆေးရုံကြီးတွင် အမျိုးသမီးအလောင်း တစ်လောင်းရောက်ရှိနေကြောင်း သတင်းအရ ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁၅မိနစ်က မင်းဘူးမြို့မရဲစခန်းမှ ရဲအုပ်မိုးကျော်ဟိန်းသွား ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

 သေဆုံးသူမှာ ရွာမကန်ကျေးရွာ ရွာလယ်ရှိ ရေပေးဝေရေးကန်တွင် စောင့်ရှောက်ရန် တာဝန်ပေးထား သူ ဒေါ်စိန်လှိုင်၊ အသက်(၆၄နှစ်)ဖြစ်သည်။

 ယင်းနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က ရေထည့်ကန်ပြည့်လျှံနေ၍ ရေသွားခပ်စဉ် ရေကန်အနီးရှိ စက်မောင်းထားသည့် ရေစုပ်စက်(တရုတ်နီ အင်ဂျင်-၂၅ကောင်) အနီးဖြတ်လျှောက်ရာမှ တာလပတ်ကြိုးအတွင်း ထဘီစငြိပါသွားခဲ့ပြီး လဲကျခဲ့ရာ ဒေါ်စိန်လှိုင်တွင် ယာနားထင်ညိုမည်း ပွန်းပဲ့ဒဏ်ရာ၊ ယာရင်ဘတ်ညိုမည်းပွန်းပဲ့ ဒဏ်ရာ၊ ယာခြေသလုံး၊ ပေါင်ပွန်းပဲ့ဒဏ်ရာ၊ ယာလက်ကောက်ဝတ်ပွန်းပဲ့ဒဏ်ရာ၊ ယာဝမ်း ဗိုက် ညိုမည်းဒဏ်ရာများရရှိခဲ့ကာ ဆေးရုံတက်ရောက် ကုသနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏စစ်ဆေးချက်အရ သိရသည်။

 ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရေစုပ်စက်အနီး မဆင်မခြင် ပေါ့လျော့စွာဖြတ်လျှောက်သူ ဒေါ်စိန်လှိုင်အား ရဲအုပ်မိုးကျော်ဟိန်းက တရားလိုပြုတိုင်ကြားခဲ့သောကြောင့် မင်းဘူးမြို့နယ် မြို့မရဲစခန်းမှ (ပ)၅၆/၂ဝ၁၆ ပုဒ်မ ၃ဝ၄(က)ဖြင့် အမှုဖွင့်ထားသည်။

The Union Daily
http://uniondaily.net
ရေစုပ်စက်နှင့် ထမီစငြိပါသွားရာမှ အမျိုးသမီးတစ်ဦးသေဆုံး  ရေစုပ်စက်နှင့် ထမီစငြိပါသွားရာမှ အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 14:35 Rating: 5
Powered by Blogger.