ရန်ကုန်မြို့တွင်း မြို့နယ် ၃ ခုရှိ ရပ်ကွက်အချို့တွင် ငါးရက်ခန့် ရေပြတ်တောက်မည်


ရန်ကုန်မြို့တွင်း မြို့နယ် ၃ ခုရှိ ရပ်ကွက်အချို့တွင် မတ်လ ၃ ရက်မှစတင်ကာ ငါးရက်ကြာသည်အထိ ရေပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ရေသန့်ဌာနမှ သိရှိရသည်။

ရေပြတ်တောက်မည့် မြို့နယ်များတွင် မရမ်းကုန်းမြို့နယ် အမှတ် (၅)၊ (၆)၊ (၇)နှင့် (၈)ရပ်ကွက်များ၊ ဗဟန်းမြို့ နယ် ရွှေတောင်ကြား (၁)ရပ်ကွက်၊ ရွှေတောင်ကြား (၂)ရပ်ကွက်နှင့် ဆရာစံရပ်ကွက်များ၊ ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များ ဖြစ်ကြောင်း သိရသည်။

“ဂျပန်နဲ့စီမံကိန်းအရ လှော်ကားက ရေပိုက်လိုင်းကို ကမ္ဘာအေးဘုရားလမ်း တစ်လျှောက်နားမှာ ရေပိုက်ကို ပြန်ဆက်နေလို့ပါ။ သက်တမ်းကြာလာတော့ ရေယိုစိမ့်တာတွေများလို့ ပိုက်အသစ် ပြန်ဆက်တာပေါ့။ စည်ပင်က ပိုက်အဟောင်းနဲ့ ဂျပန်က ရေပိုက်အသစ် အစားထိုး ပြန်ဆက်တာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေသန့်ဌာနမှ လက်ထောက်ဌာနမှူး ဒေါ်သွဲ့နိုင်ဦးက ပြောသည်။

ဂျပန်နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကမ္ဘာအေးဘုရား လမ်းတစ်လျှောက် ၁၀၀၀ ဒိုင်ယာမီလီမီတာ ရေပို့ပိုက်လိုင်း ဆက်သွယ်ခြင်း လုပ်ငန်းများမှာ ပြီးစီးတော့မည် ဖြစ်၍ လက်ရှိပိုက်လိုင်းနှင့် လိုင်းပေါင်း ဆက်သွယ်ခြင်း လုပ်ငန်းကို မတ်လ ၃ ရက် နံနက် ၈ နာရီမှ မတ်လ ၇ ရက် နံနက် ၈ နာရီအတွင်း ပြီးစီးအောင် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ နေရာများတွင် နေထိုင်သူများအနေဖြင့် ရေဖြတ်တောက်ထားသည့် ကာလအတွင်း ကိုယ်ပိုင် အစီအစဉ်ဖြင့် ရေကြိုတင် စုဆောင်းထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာထားသည်။

သတင်း - MMK
Photo - Zwe Htet
The Ladies News
https://www.facebook.com/News.TheLadies
ရန်ကုန်မြို့တွင်း မြို့နယ် ၃ ခုရှိ ရပ်ကွက်အချို့တွင် ငါးရက်ခန့် ရေပြတ်တောက်မည် ရန်ကုန်မြို့တွင်း မြို့နယ် ၃ ခုရှိ ရပ်ကွက်အချို့တွင် ငါးရက်ခန့် ရေပြတ်တောက်မည် Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.