ခဝဲတွင် နယ်မြေလုံခြုံရေး စစ်ကြောင်းအရာရှိမှ လုပ်အားမပေးပါက တစ်ရွာလုံးမီးရှို့မည်ဟု ခြိမ်းခြောက်


မတ်လ ၂၇

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာသို့ မတ်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် နယ်မြေလုံခြုံရေး စစ်ကြောင်းလှည့်သော ခလရ (၅၃၈)၏ တပ်မတော်သား ဒုတပ်ရင်းမှူးအရာရှိ မှ ရွာသားများကို ကူလီထမ်းပေးရန်ခေါ်ခဲ့ကြောင်း၊ ထိုသို့ ခေါ်ဆိုခြင်းအား ငြင်းပယ်ပါက တစ်ရွာလုံးကို မီးရှို့ဖျက်စီးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ထိုသို့ပြောဆိုခြင်းကြောင့် ရွာသူ/သားအားလုံး ဘာလုပ်ရမှန်းမသိ ကြောက်လန့်ခဲ့သည်ဟု ဆိုသည်။

"ရွာကိုရောက်လာတော့ အုပ်ချုပ်ရေးမှူးကို ခေါ်သွားတယ်။ ရွာမှာရှိတဲ့ဆိုင်က ဆန် (၅)အိတ်ဝယ်တယ်။ ပြီးရင် အဲဒါတွေထမ်းဖို့ အလုပ်သမား (၁၀)ဦး လိုအပ်ကြောင်းပြောတယ်။ ကိုယ့်အလုပ်နဲ့ကိုယ်မအားကြဘူးလေ။ အုပ်ချုပ်ရေးမှူးလည်း လူရှာရခက်နေတယ်။ အဲဒီနေ့မနက်တုန်းကလည်း တခြားစစ်ကြောင်းတစ်ခုအတွက် လူ (၇)ဦးသွားထမ်းရတယ်။ အဲဒီမှာ အရာရှိဖြစ်တဲ့သူက လိုက်မယ့်လူမရှိရင် တစ်ရွာလုံးကို မီးရှို့ပစ်မယ် ဆိုပြီး ခြိမ်းခြောက်ပြီးပြောပါတယ်" ဟု ခဝဲရွာဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

အဆိုပါ ခလရ ၅၃၈ မှ ဒုတပ်ရင်းမှူးဟု သိရသော သူမှ တစ်ရွာလုံးကိုမီးရှို့ပစ်မယ်။ လက်နက်ကြီးနဲ့ပစ်ချပြီး ပြာကျအောင်လုပ်မယ်။ ပြီးရင်အထက်ကို သူပုန်နဲ့တိုက်ပွဲဖြစ်လို့ ပြာကျသွားတာလို့တင်ပြသွားမယ်။ ခြိမ်းခြောက်တာမဟုတ်ဘူး။ ဒီပစ္စည်းတွေ မနက်ဖြန် ဥပဲကိုရောက်မလာရင် ဒီရွာကို တကယ်ပြာဖြစ်အောင်လုပ်မယ် ဟုပြောဆိုခဲ့ကြောင်း ယင်းကဆိုသည်။

ထိုသို့ခြိမ်းခြောက်ခြင်းကြောင်း အုပ်ချုပ်ရေးမှူး မှအစ တစ်ရွာလုံး ကြောက်လန့်ကာ အစည်းအဝေးခေါ်ခဲ့ပြီး လူ (၉)ဦးကို နောက်နေ့ မနက် မရမကတာဝန်ပေးကာ ပို့ခိုင်းရကြောင်း သိရသည်။

ပီချောင်းတစ်လျှောက်တွင် ထိုသို့ ကူလီပေါ်ဒါလုပ်အားပေး အမြဲတမ်းခေါ်ယူနေလျက်ရှိပြီး တခါတလေ အခကြေးငွေကို အပြည့်မပေးဘဲ တဝက်တပြတ်သာ ပေးလျက်ရှိသော်လည်း ကြောက်လန့်၍ ပေးသလောက်ကိုသာ ယူခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup
ခဝဲတွင် နယ်မြေလုံခြုံရေး စစ်ကြောင်းအရာရှိမှ လုပ်အားမပေးပါက တစ်ရွာလုံးမီးရှို့မည်ဟု ခြိမ်းခြောက်  ခဝဲတွင် နယ်မြေလုံခြုံရေး စစ်ကြောင်းအရာရှိမှ လုပ်အားမပေးပါက တစ်ရွာလုံးမီးရှို့မည်ဟု ခြိမ်းခြောက် Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.