ပြန်ကြားရေးဝန်ကြီး ပြော စကား ဝေဖန်နေကြ

ရန်ကုန်မြို့ Chatrium Hotel မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မီဒီယာတွေရဲ့ မေးမြန်းချက်များကို ပြန်လည်ဖြေကြားစဉ်။ Photo: Kyaw Zaw Win/RFA
 ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ရာထူးကထွက်ခွာတော့မယ့် ဝန်ကြီးဟောင်းတွေဟာ သူတို့ကိုနိုင်ငံတော်က ဝန်ကြီးကာလသက်တမ်းအတွင်း နေထိုင်ဖို့ပေးထားတဲ့ အိမ်တွေက ပစ္စည်းတွေကို အကုန်ယူသွားတယ် ဆိုပြီး အင်တာနက်ပေါ်မှာ ရေးသားနေကြတာတွေဟာ လုံးဝမဟုတ်ပါဘူးလို့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မနေ့က ချေပပြောဆိုလိုက်ပါတယ်။

နေပြည်တော်မှာ ဝန်ကြီးနဲ့ ဒုဝန်ကြီးခန့်အပ်ခံရသူတွေကို အစိုးရက နေအိမ်တွေ ပေးတဲ့အခါ အိမ်အခွံပဲ ပေး တာဖြစ်ကြောင်း၊ အဆင်သင့်ပါတဲ့ ပစ္စည်းဆိုလို့ အဲကွန်းလေအေးစက်တစ်လုံးနဲ့ ရေမီးစနစ်ပဲပါကြောင်း၊ ဒါပေမဲ့ အဲဒီလို ဝန်ကြီး၊ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသူတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပရိဘောဂစရိတ် သိန်းသုံးဆယ် ထုတ်ပေးကြောင်း၊ အဲဒီငွေနဲ့ ကိုယ့်ဘာသာ ဝယ်ယူဖြည့်တင်းရတာဖြစ်တဲ့အတွက် ၀န်ကြီးနဲ့ ဒုဝန်ကြီး တာဝန်တွေထမ်းဆောင်ပြီးတဲ့အခါ မိမိတို့ကို ခွင့်ပြုငွေနဲ့ ဝယ်ထားတဲ့ပရိဘောဂတွေကို ယူသွားပြီး အိမ်တွေကို မူလအတိုင်း ပြန်လွှဲပေးရကြောင်း ဝန်ကြီး ဦးရဲထွဋ်က တင်ပြထားပါတယ်။

တဆက်တည်းမှာပဲ သူက အခုလိုရှင်းပြခဲ့ရာမှာ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က အခန်းအားလုံး အဲကွန်းတပ်ရင် သိန်းသုံးဆယ်နဲ့ မလောက်ဘူး၊ဝန်ကြီးသစ်တွေက ကိုယ့်အိပ်ယာလိပ်နဲ့ ကိုယ်လာရမှာလား ဆိုပြီး ပြန်လည်ပြောဆိုတဲ့အတွက် အန်ကယ်တို့ အစိုးရဖြစ်ပြီပဲ၊ မလောက်ဘူးထင်ရင် သိန်းတစ်ထောင်ပေး လည်းရပါတယ်လို့ ပြန်ပြောခဲ့ကြောင်းလည်း ဦးရဲထွဋ်က ရေးသားထားပါတယ်။

အခုလို ပြန်ကြားရေးဝန်ကြီးရဲ့ ရေးသားပြောဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ပေးတဲ့ငွေနဲ့ ဝယ်ယူခဲ့တဲ့ ပရိဘောဂ အိမ်အသုံးအဆောင်တွေဟာ နိုင်ငံပိုင်ပစ္စည်းတွေဖြစ်တဲ့အတွက် ဝန်ကြီးတွေ ဒုဝန်ကြီးတွေအနေနဲ့ ရာထူးတာဝန်ထမ်းဆောင်ပြီးချိန်မှာ ကိုယ်ပိုင်ပစ္စည်းအဖြစ် သယ်ယူသွားဖို့ မသင့်တော်ကြောင်းနဲ့ သိန်းတစ်ထောင် ပေးလည်းရပါတယ်ဆိုတဲ့ စကားဟာလည်း တိုင်းပြည်ဘဏ္ဍာကို အာဏာရအစိုးရတစ်ခုက စိတ်တိုင်းကျ ခြယ်လှယ် သုံးစွဲခွင့်ရှိတယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်ကြောင်း စသဖြင့် ဝေဖန်ပြောကြားချက်တွေ ပေါ်ထွက်နေပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပြန်ကြားရေးဝန်ကြီး ပြော စကား ဝေဖန်နေကြ  ပြန်ကြားရေးဝန်ကြီး ပြော စကား ဝေဖန်နေကြ Reviewed by THITHTOOLWIN on 09:56 Rating: 5
Powered by Blogger.