တရားခံပြေးအား ဖမ်းဆီးရာ ကိုင်းခုတ်ဓားဖြင့် ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရ


လယ်ဝေး မတ် ၈

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်တွင် လယ်ဝေးမြို့မရဲစခန်း (ပ)၁၃ဝ /၂ဝ၁၂ ခြေချုပ်ခံဝန် ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)၊ (ပ)၄၄/၁၃၊ လယ်ဝေး မြို့နယ် တရားရုံး ရာသေးအမှတ် ၁၄၃/၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၃၂၄/ကျင့် ၅၁၂ အမှုမှ တရားခံပြေး စန်းလွင်ဦး(၃၃နှစ်) ငွေတောင်ကျေးရွာ သပြေပင် ကျေးရွာအုပ်စု လယ်ဝေးမြို့နယ်နေသူသည် ကျေးရွာအတွင်း ပြန်လည် ရောက်ရှိကာ ဓားကိုင်သောင်းကျန်းနေကြောင်း သတင်းအရ မတ် ၇ ရက် ညနေ ၅ နာရီ ၂၅ မိနစ်က လယ်ဝေးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ချမ်းမြေ့အောင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ ရဘိန်းကျေးရွာ ရာအိမ်မှူး ဦးကျော်မြင့်၊ ငွေတောင်ကျေးရွာ ရာအိမ်မှူး ဦးအောင်ဇော်လတ်တို့နှင့်အတူ တရားခံပြေး စန်းလွင်ဦး၏နေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့သည်။

ထိုသို့သွားရောက်ဖမ်းဆီးခဲ့ရာ စန်းလွင်ဦးမှာ အသာတကြည်အဖမ်းမခံဘဲ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများအား အရိုး ၁၃ လက်မခန့်၊ အသွား ၁၁ လက်မခန့်၊ အသွားဗြက် နှစ်လက်မခွဲခန့်ရှိ ဝါးရိုးတပ် ကိုင်းခုတ် ဓားမဖြင့်ခုတ်ရာ သေနတ်ဖြင့် ခြောက်လှန့်၍ တစ်ချက်ပစ်ခတ်သော်လည်း မရဘဲ ဓားမဖြင့် ရဲတပ်ဖွဲ့ဝင်များကို အဆက်မပြတ် လိုက်ခုတ်နေသဖြင့် နောက်တစ်ချက် ထပ်မံပစ်ခတ်ခဲ့ရာ ယာဘက်ဒူးခေါင်းဘေး၌ သွေးထွက် ပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိ၍ တရားခံပြေး စန်းလွင်ဦး အား ဖမ်းဆီး ရမိခဲ့သည်။

၎င်းကိုင်ဆောင်သော ဓားမကို ဒုရဲအုပ် ချမ်းမြေ့အောင်က သက်သေများ ရှေ့တွင် ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့ပြီး ဥပဒေနှင့်အညီဖမ်းဆီးသည်ကို အသာတကြည် အဖမ်းမခံဘဲ တမင်ပြန်လည်ခုခံခဲ့သောကြောင့် တရားဥပဒေ အရ အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ လယ်ဝေးမြို့မရဲစခန်း က အမှုဖွင့်၍ ရဲအုပ်ရဲထွဋ်က စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မင်းမင်းလတ်(မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တရားခံပြေးအား ဖမ်းဆီးရာ ကိုင်းခုတ်ဓားဖြင့် ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရ  တရားခံပြေးအား ဖမ်းဆီးရာ ကိုင်းခုတ်ဓားဖြင့် ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရ Reviewed by THITHTOOLWIN on 10:04 Rating: 5
Powered by Blogger.