ကျောက်မဲ စစ်ဘေးရှောင်အချို့ နေရပ်စတင်ပြန် ၊ TNLA သတ်လိုက်ပြီဟု သတင်းထွက်သည့် ဘုန်းတော်ကြီး ပြန်လည်လွတ်မြောက်လာ


တအာင်းပလောင် TNLA/PSLF တပ်ဖွဲ့ဝင်များ မရှိတော့ပြီ ဖြစ်သောကြောင့် ကျောက်မဲမြို့တွင် စစ်ဘေးရှောင်နေသည့် ဒေသခံ ၁,၅၀၀ အနက်မှ အချို့မှာ မိမိတို့ နေရပ်ကို ဖေဖော်ဝါရီလ ၁၉ ရက် နေ့မှစ၍ အိမ်စောင့်အဖြစ် နေရပ်သို့ ပြန်နေကြပြီ ဖြစ်ကြောင်း ကျောက်မဲမြို့ စစ်ဘေးရှောင်များ ကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက The Ladies News သို့ ပြောသည်။

" ဒီကနေ့ စပြန်ကြတယ်။ တအာင်းပလောင်တွေ သူတို့ရွာနားတွေမှာ မရှိကြ တော့ဘူးလေ။ တပ်မတော်နဲ့ RCSS ပဲ ရှိတော့တယ်။ အရေအတွက်က မများဘူး ။ အိမ်စောင့်အဖြစ် ပြန်ကြတာ ။ သုံးလေးဆယ်ပဲ ရှိတယ် " ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ကျောက်မဲမြို့နယ် တော့ဆန် ၊ ပန်မက်မီးစသည့် ဒေသများတွင် စခန်းချနေသော တအာင်းပလောင် TNLA/PSLFတပ်ဖွဲ့များအား RCSS/SSA ရှမ်းတပ်မတော် တောင်ပိုင်းက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ကျောက်မဲဒေသအတွင်းရှိ တအာင်းပလောင် တပ်ဖွဲ့၏ စခန်းများမှာ RCSS/SSA အဖွဲ့လက်သို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်၍ စစ်ဘေးရှောင် အချို့မှာ ပန်မက်မီး ၊ တော့ဆန် စသည့် ကျေးရွာများသို့ ပြန်သွားရခြင်းမှာ ၄င်းတို့၏ နေအိမ်များရှိ ပစ္စည်းများကို အနီးနားကျေးရွာများမှ လာရောက်ယူငင်မှုများ
ရှိနေသောကြောင့် ယခုကဲ့သို့ တိုက်ပွဲများ မရှိတော့သည့် အချိန်တွင် စစ်ဘေးရှောင်အချို့ စတင်ပြန်ကြခြင်း ဖြစ်ပြီး မိမိတို့နေအိမ်များကို ပြန်စောင့်ရန် တစ်အိမ်တစ်ယောက်နှုန်းခန့် ပြန်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖမ်းဆီးသွားပြီး သတ်ဖြတ် ခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သော ညောင်မောင်းကျေးရွာမှ ဘုန်းတော်ကြီးကိုလည်း တအာင်းပလောင် တပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပြီး အချို့မှာမူ သေဆုံး သွားခဲ့သည်ဟု ကျောက်မဲ ဒေသခံအချို့က ဆိုသည်။

" ဘုန်းတော်ကြီးက ဖမ်းထားတာကြာတော့ ကြောက်ပြီး နည်းနည်းကြောင်သလို၊ မူမမှန်သလို ဖြစ်နေတယ် ။ ပလောင်ဖမ်းသွားတဲ့ တခြားလူတွေတော့ သေကုန်ပြီ ကြားတယ်။ ခုနစ်ယောက်ကတော့ " ဟု ကျောက်မဲဒေသခံတဦးက ပြောသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲ ထားသော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအာင်းပလောင် TNLA/PSLF တို့အကြား တိုက်ပွဲများကြောင့် ကျောက်မဲနှင့် နမ့်ခမ်းဒေသခံ ၃,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ဒေသခံအချို့မှာလည်း နှစ်ဖက် တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း တအာင်းပလောင်နှင့် ရှမ်းအသိုင်အးဝိုင်းမှ အပြန်အလှန် ပြစ်တင်ပြောဆို ဝေဖန်မှုများ ရှိနေသည်။

The Ladies News
https://www.facebook.com/News.TheLadies
ကျောက်မဲ စစ်ဘေးရှောင်အချို့ နေရပ်စတင်ပြန် ၊ TNLA သတ်လိုက်ပြီဟု သတင်းထွက်သည့် ဘုန်းတော်ကြီး ပြန်လည်လွတ်မြောက်လာ  ကျောက်မဲ စစ်ဘေးရှောင်အချို့ နေရပ်စတင်ပြန် ၊ TNLA သတ်လိုက်ပြီဟု သတင်းထွက်သည့် ဘုန်းတော်ကြီး ပြန်လည်လွတ်မြောက်လာ Reviewed by THITHTOOLWIN on 19:12 Rating: 5
Powered by Blogger.