ယနေ့ နံနက် KIA တပ်မဟာ ၆ နှင့် အစိုးရတပ် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်

KIA တပ်မဟာ ၆ တံဆိပ်
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နှင့် အစိုးရတပ်များ ယနေ့ နံနက် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။

KIA တပ်ရင်း ၃၆ နှင့် ၃၈ အခြေချသည့် မုန်းကိုမြို့ အရှေ့ဘက်ရှိ လွယ်ဝင်းရွာ အနီးမှာ ယနေ့မနက် အစိုးရတပ်များ စစ်ဆင် ၀င်ရောက်လာခြင်းကြောင့် တိုက်ပွဲငယ် ဖြစ်ပွါးခဲ့ကြောင်း KIA တပ်မဟာ ၆ တာဝန်ရှိသူတစ်ဦး အတည်ပြုပြောခဲ့သည်။

တိုက်ခိုက်မှုတွင် အစိုးရဘက် (၄)ဦး ဒဏ်ရာရပြီး KIA ဘက်တွင် ထိခိုက်မှု မရှိသော်လည်း လက်နက်အချို့ စွန့်လွတ်ခဲ့ရကြောင်း KIA တပ်မဟာ ၆ တာဝန်ရှိသူတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောသည်။

တပ်ရင်း နာမည် မသိရသော အစိုးရတပ်ဖွဲ့များသည် မုန်းကိုဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ မုန်းရာ-မန်ကောင်း ဘက်မှ တစ်ဖွဲ့တက်လာပြီး လွယ်ဝင်း ရှိ KIA တပ်ရင်း ၃၆ နှင့် ၃၈ စုပေါင်း တပ်ဖွဲ့ကို ယမန်နေ့ ညတွင် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

ယခုချိန် မုန်းကိုမှ တက်လာသည့် အစိုးရတပ်မှာ မုန်းရာဘက် လွယ်ကန် သို့ရောက်နေပြီး မုန်းရာ၊ မန်ကောင်း ဘက်မှ တက်လာသည့် အစိုးရတပ်သည်လည်း မုန်းကို တွင် ရောက်နေကြောင်း သိရသည်။
KIA တပ်မဟာ (၄) အခြေချသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA တပ်မဟာ ၆ ကို ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ဌာနချုပ်ဖြစ်ခဲ့သည့် မုန်းကိုဒေသတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ တရားဝင် ဖွဲ့စည်းခဲ့ပြီး သုံးရက် အကြာ လွယ်ဝင်းတွင် တိုက်ပွဲ ဖြစ်လာသည်။

ယမန်နှစ် အောက်တိုဘာလ အစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC မှအဖွဲ့ဝင်အချို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ် ရေးထိုးပြီးနောက် KIO/KIA ၏ မဟာမိတ်များဖြစ်သည့် သျှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့များသည် သံလွင်မြစ် အနောက်ဘက် မုန်းကိုဒေသသို့ ၀င်ရောက်ကာ တပ်နေရာယူထားမှုများ ပြုလုပ်လာနေပြီဖြစ်သည်။

ယမန်နစ် နိုဝင်ဘာလမှ ရှမ်းပြည်မြောက်ပိုင်းတွင် NCA လက်မှတ်ရေးထိုးသော RCSS/SSA တပ်များသည် PSLF/TNLA နှင့် တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားနေသော်လည်း KIA နှင့်မူ တိုက်ပွဲ ဖြစ်ပွါးခြင်း မရှိ သေးကြောင်း သိရသည်။

 Kachinnews
http://burmese.kachinnews.com
ယနေ့ နံနက် KIA တပ်မဟာ ၆ နှင့် အစိုးရတပ် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်  ယနေ့ နံနက် KIA တပ်မဟာ ၆ နှင့် အစိုးရတပ် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.