အညာဒေသ အလှူပွဲများတွင် မြန်မာ့ရိုးရာ အဆောင်အယောင်များကို ငွေကုန်ကြေးကျခံ၍ တန်ဖိုးထားသုံးစွဲလာ


ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ အညာကျေးလက်ဒေသများတွင် သီးနှံများရိတ်သိမ်း ရောင်းချပြီး တောင်သူများငွေရွှင်ချိန်ဖြစ်သဖြင့် ကျေးရွာ တိုင်းလိုလိုတွင် သားရှင်ပြုအလှူမင်္ဂလာပွဲများ ဆင်နွှဲကြ ရာ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆောင်အယောင်များကို ငွေကုန်ကြေးကျခံကာ ငှားရမ်းအသုံးပြုလာကြကြောင်း သိရသည်။

အညာဒေသကျေးရွာများတွင် သီတင်းကျွတ်၊ တန် ဆောင်မုန်း သီးနှံရိတ်သိမ်းပြီးချိန်မှစ၍ တပေါင်း၊ တန်ခူး လအထိ အလှူမင်္ဂလာပွဲလမ်းသဘင်များကို ကျင်းပကြ သည်။ အလှူပွဲများ ကျင်းပရာတွင် မိမိတို့ငွေကြေးတတ်နိုင် လျှင် တတ်နိုင်သလို ဆိုင်း၊ အငြိမ့်၊ ဇာတ်သဘင်ကြီးများ ငှားရမ်းဧည့်ခံကြသည်များ ရှိသကဲ့သို့ ငွေကြေးအားနည်း သူများကလည်း အရပ်အခေါ် တိုင်ထောင်အလှူဟု ခေါ်သည့် ဆိုင်း၊ မင်းသမီးမပါ၊ အိမ်တွင်မဏ္ဍပ်အကြမ်း ဖြင့်ဧည့်ခံ၍ ဘုန်းကြီးကျောင်းတွင် သားရှင်ဖြစ် လှူဒါန်း ကြသည်များလည်း ရှိသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် နတ်တော်လနှင့် ပြာသိုလအတွင်း ကျေးလက်တောရွာများနှင့်မြို့ပေါ်ရပ်ကွက်များတွင်ပါ အလှူပွဲများ ခြိမ့်ခြိမ့်သဲဆင်နွှဲကြပြီး အချို့ကျေးရွာများတွင် တစ်ရွာတည်းဖြင့်ပင် အလှူ ၂ဝ မျှရှိကြကြောင်း သိရသည်။

 အဆိုပါ အလှူပွဲလမ်းများကို အမှီပြု၍ အငှားလိုက်စီးပွားရှာကြသည့် လှည်းယာဉ် ကြော့ အငှားလိုက်သူများနှင့် မြင်းအငှားလိုက်သူများ လည်း စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျေးရွာများ၌သာမက ကျောက်ပန်းတောင်းမြို့ပေါ် ရပ်ကွက်များ၌ ကျင်းပသည့် အလှူပွဲလမ်းသဘင်များတွင် လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအဆောင်အယောင်များကို ငွေကုန်ကြေးကျခံကာ ငှားရမ်းအသုံးပြုလာကြသည်ကို တွေ့မြင်လာရသည်။ မြို့ပေါ်အလှူများတွင် ငွေကြေး တတ်နိုင်သူများက ညနေပိုင်းအလှူဝင် ရှင်လောင်းလှည့် ပွဲများတွင် မြန်မာ့ရိုးရာအဆောင်အယောင်များကို ငွေ ကုန်ကြေးကျခံ၍ ငှားရမ်းသုံးစွဲကြသည်။

မြို့ပေါ်ရပ်ကွက်များတွင် မဏ္ဍပ်ထိုး၍ အိမ်တွင်လှူ သည်ဖြစ်စေ၊ ဘုန်းကြီးကျောင်းတွင်လှူသည်ဖြစ်စေ၊ ညနေပိုင်း အလှူရှင်လောင်းလှည့်လည်ပွဲကို အလေး ထားဆောင်ရွက်လေ့ရှိကြပြီး တတ်နိုင်လျှင်တတ်နိုင်သလို ခမ်းခမ်းနားနား ကျင်းပလေ့ရှိကြသည့်အပြင် ယခုအခါ မြန်မာ့ရိုးရာ အဆောင်အယောင်များဖြစ်သည့် ဆင် ရတနာများ၊ မြင်းရတနာများ၊ မင်္ဂလာဝေါယာဉ်နှင့် ရွှေ လှည်းယာဉ်ကြော့၊ ငွေလှည်းယာဉ်ကြော့များကို တန်ဖိုး ထား ထည့်သွင်းသုံးစွဲလာကြသည်ကို တွေ့မြင်လာရ သည်။

ထိုသို့ငှားရမ်းရာတွင် ဆင်တစ်စီးငှားရမ်းခမှာ ကျပ် ခုနစ်သိန်းမှ ရှစ်သိန်းအထိပေးရပြီး ကြိုတင်ရက်ချိန်း မထားပါက ငှားရမ်း၍မရနိုင်ကြောင်း သိရသည်။ မင်္ဂလာ ဝေါယာဉ်တစ်စီး ငှားရမ်းခမှာ ကျပ်တစ်သောင်းငါးထောင် ပေးရပြီး၊ လှည်းယာဉ်ကြော့တစ်စီး ငှားရမ်းခမှာ ကျပ် ၁၂ဝဝဝဝ မှ ၁၅ဝဝဝဝ အထိ ရှိသည်။ ရိုးရိုးလှည်း ယာဉ်တစ်စီးမှာ ကျပ် ၁၅ဝဝဝ ဖြစ်ပြီး မြင်းငှားရမ်းခမှာ ကျပ် ၈ဝဝဝ မှ တစ်သောင်းခန့်ရှိကြောင်း သိရသည်။

အဆိုပါ ငှားရမ်းမှုများကြောင့် ငွေကြေးအကုန်အကျ များပြားသော်လည်း အလှူမင်္ဂလာလှည့်လည်ပွဲများတွင် မြန်မာ့ရိုးရာအဆင်တန်ဆာများ၊ အဆောင်အယောင် များကို တန်ဖိုးထားသုံးစွဲလာမှုမှာ များလာလျက်ရှိကြောင်း သိရသည်။

နေအောင်(ငစမိ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အညာဒေသ အလှူပွဲများတွင် မြန်မာ့ရိုးရာ အဆောင်အယောင်များကို ငွေကုန်ကြေးကျခံ၍ တန်ဖိုးထားသုံးစွဲလာ  အညာဒေသ အလှူပွဲများတွင် မြန်မာ့ရိုးရာ အဆောင်အယောင်များကို ငွေကုန်ကြေးကျခံ၍ တန်ဖိုးထားသုံးစွဲလာ Reviewed by THITHTOOLWIN on 13:33 Rating: 5
Powered by Blogger.