ဘိုကလေးမြို့တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ကာ နေအိမ်လေးလုံးဆုံးရှုံး


ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁း၀၀ နာရီခန့်က NLD ပါတီရုံးတွင် ရှိသော မီးအားမြှင့်စက် အပူလွန်ကဲရာမှ တစ်ဆင့် မီးစတင် လောင်ကျွမ်းခဲ့သည့် အတွက် နေအိမ်လေးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မီးလောင်ပျက်စီးခဲ့သော အဆောက်အအုံများမှာ ဘိုကလေးမြို့နယ် NLD ပါတီ ရုံး၊ NLD ပါတီမှ ဖွင့်လှစ်ထားသော ပညာဒါနကျောင်းနှင့် အနီးရှိ နေအိမ်နှစ်လုံးတို့ ဖြစ်ကြပြီး မီးလောင်မှုကို နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

“ပါတီရုံးထဲမှာရှိတဲ့ မီးအားမြှင့်စက် အပူလွန်တာက တစ်ဆင့် လောင်တာပါ။ အခုရုံးတာဝန်ခံကို အမှုဖွင့် ထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးရဲမင်းသူက ပြောသည်။

ဘိုကလေးမြို့နယ် NLD ပါတီရုံးသည် ဘိုကလေးမြို့ အမှတ် ၅ ရပ်ကွက်တွင် တည်ရှိပြီး ပါတီရုံးနှင့် ကပ်လျက် ပညာဒါန ကျောင်းဖွင့်လှစ်ကာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား နေရာမှ အတန်းတင် စာမေးပွဲနီးကပ်ချိန် တွင် ယခုကဲ့သို့ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဘယ်လိုလောင်တာလဲ စုံစမ်းနေပါတယ်။ ရုံးနဲ့ ပညာဒါနကျောင်း အပြင် ရုံးနဲ့ကပ်ရက်ရှိတဲ့ အိမ် နှစ်လုံးလည်း ပါသွားပါတယ်” ဟု ဘိုကလေးမြို့နယ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ်က ပြောသည်။

အဆိုပါ မီးလောင်မှုအတွက် ဘိုကလေးမြို့နယ် NLD ပါတီရုံးတွင် ညအိပ်ခဲ့သည့် ရုံးတာဝန်ခံ ဦးအောင်မြင့်ကို ဘိုကလေးမြို့မ ရဲစခန်းက (ပ) ၂၆/၂၀၁၅ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ဘိုကလေးမြို့တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ကာ နေအိမ်လေးလုံးဆုံးရှုံး  ဘိုကလေးမြို့တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ကာ နေအိမ်လေးလုံးဆုံးရှုံး Reviewed by THITHTOOLWIN on 13:19 Rating: 5
Powered by Blogger.