နမ့်ခမ်းမြို့နယ်ရှိ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်တွင် ဓားပြတိုက်မှုဖြစ်


နမ့်ခမ်းမြို့နယ်ရှိ ငွေလဲလှယ်ရေး လုပ်ငန်း လုပ်ကိုင်သည့် နေအိမ်တစ်အိမ်အား ငွေလဲလှယ်မည့်သူ ဟန်ဆောင်ကာ ဓားပြတိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နမ့်ခမ်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက The Ladies News သို့ ပြောသည်။

ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအုပ်စုရှိ ကန်လောရွာနေ မောင်လာခိုင်ချုံနှင့် သူ၏ အပေါင်းအပါ နှစ်ဦးသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက နမ့်ခမ်းမြို့လယ်ရှိ ရာပန်ဈေးအနီးမှ ဦးစိုင်းလှအောင်၏ နေအိမ်သို့ ရောက်ရှိလာခဲ့ပြီး နေအိမ်ရှိ ငွေလဲကောင်တာ အရောက်တွင် အသင့်ပါလာသော ဓား ၊ သေနတ်တို့ဖြင့် လုယက် ဓားပြတိုက်ခဲ့ခြင်း ဖြစ်သည်ဟု နမ့်ခမ်းမြို့ခံများနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူတို့က အတည်ပြုပြောဆိုသည်။


သူတို့က နေ့ခင်းပိုင်းကလည်း ဆိုင်ကယ် တစ်စီးနဲ့ လာသွားတယ် ။ အခြေအနေ လာကြည့်တဲ့ သဘောပဲ။ ညနေ ၇ နာရီ လောက်ရောက်မှ တစ်ခါ လာငွေလဲမလိုနဲ့ ပါလာတဲ့ ဓားတွေထုတ်ပြီး ခုတ် ၊ သေနတ်နဲ့ ပစ်ဖို့ ကြိုးစားတာပဲ။ ပစ္စတိုသေနတ်က အဟောင်းဖြစ်နေတော့ ကျည်မထွက်တဲ့အတွက် အိမ်ရှင်က အော်လိုက်တော့ ဘေးပတ်ဝန်းကျင်က လူတွေ ရောက်လာပြီး ၀ိုင်းဖမ်းကြတာ။ နှစ်ယောက်မိတယ်” ဟု နမ့်ခမ်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။


ဓားဖြင့် ခုတ်မှုကြောင့် အိမ်ရှင်ဖြစ်သူ ဦးစိုင်းလှအောင်၏ ၀ဲဘက်လက်သန်းကြွယ် ပြတ်ထွက်သွားခဲ့ပြီး လာခိုင်ချုံနှင့် နောက်ထပ်တစ်ဦး ( အမည် ၊ နေရပ်လိပ်စာ မသိသေး စစ်ဆေးနေဆဲ ) နှစ်ဦးတို့မှာ ဖမ်းဆီးခံခဲ့ရကာ ကျန်တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုနှင့် စပ်လျဉ်း၍ ကျူးလွန်သူများအား ပုဒ် ၄၅၆၊ ၃၂၆ ၊ ၁၂၄ အိမ်ကျော်နင်းမှု ၊ လက်နက်ကိုင်ဆောင် လုယက်မှုတို့ဖြင့် နမ့်ခမ်းမြို့မ ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies
နမ့်ခမ်းမြို့နယ်ရှိ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်တွင် ဓားပြတိုက်မှုဖြစ် နမ့်ခမ်းမြို့နယ်ရှိ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်တွင် ဓားပြတိုက်မှုဖြစ် Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.