မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ဆက်လက်အားပေးကူညီမည်ဟု ဆို


အရှေ့အာရှနှင့် ပစိတ်ဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ်အုပ်စုက ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်နေသည့် မြန်မာနိုင်ငံကို ဆက်လက်အားပေး ကူညီသွားမည်ဟု ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ အက်ဇဲလ် ဗန်ထရော့စင်းဘော့ဂ် က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ဆုံစဉ် ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌဖြစ်သူ အက်ဇဲလ်ဗန်ထရော့စင်းဘော့ဂ်က မြန်မာနိုင်ငံ၏ သမိုင်းဝင် အသွင်ကူးပြောင်းမှုအပေါ် ဂုဏ်ယူကြောင်းနှင့် လူတိုင်း အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက်ပြီး ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်နေသည့် မြန်မာနိုင်ငံကိုလည်း ကမ္ဘာ့ဘဏ်အုပ်စုက ဆက်လက်အားပေး ကူညီသွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အတူ ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ ဗန်ထရော့စင်းဘော့ဂ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့နှင့် တွေ့ဆုံကာ ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံအား လက်ရှိ ပေးနေသော အကူအညီများနှင့် ဆက်လက် ပေးအပ်သွားမည့် အကူအညီများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်တာအတွင်း ပေါ်ပေါက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အသွင်ကူးပြောင်းမှုကြောင့် သိသာ ထင်ရှားတဲ့ စီးပွားရေးတိုးတက်မှုတွေ မြင်ခဲ့ရပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၄ ခုနှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ တစ်နှစ်ကိုပျမ်းမျှ ၇ ရာခိုင်နှုန်းလောက် တိုးတက်ခဲ့ပါတယ်။ ဒါဟာ အရှေ့အာရှရဲ့ အမြန်ဆုံး စာရင်းဝင်ပါပဲ။ မြန်မာနိုင်ငံဟာ အခုဆိုရင် နေရာဒေသအနှံ့အပြားရှိ တိုင်းရင်းသား လူမျိုးစုပေါင်းစုံနဲ့ ၀င်ငွေ အနည်းအများ ကွဲပြားမှု အမျိုးမျိုးရှိတဲ့ ပြည်သူတွေ အများအပြားအတွက် အကျိုးရှိစေမယ့် နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေဆီ တက်လှမ်းဖို့ အခွင့် အရေးရှိနေပါပြီ။ ကမ္ဘာ့ဘဏ်အနေနဲ့ အစွန်းရောက်တဲ့ ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ပြီး အားလုံး မျှဝေပိုင်ဆိုင်တဲ့ သာယာဝပြောမှုတွေ ရရှိအောင် စွမ်းဆောင်ပေးမယ့် ရေရှည် နည်းလမ်းတွေကို မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာပြည်သူတွေထံကို ဆက်လက် ကူညီပံ့ပိုးသွားမှာပါ” ဟု ဗန်ထရော့စင်းဘာ့ဂ်က ပြောသည်။

ကမ္ဘာ့ဘဏ်အုပ်စုသည် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် ၂၀၁၅ - ၂၀၁၇ ခုနှစ် (Country Partnership Framework) ရေးဆွဲ ပြုစုခဲ့သည်။ ထိုမူဘောင်တွင် ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာမှ အသိပညာများ၊ ငွေကြေးပံ့ပိုးများ၊ အခြားအဖွဲ့အစည်း သီးသီးနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်စွမ်း ဟူသည် တို့ကို အသုံးချ၍ မြန်မာနိုင်ငံအား အသွင်ကူးပြောင်းနေစဉ် ကာလတစ်လျှောက် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရန်နှင့် သာယာဝပြောမှုများ မျှဝေပိုင်ဆိုင်နိုင်ရန် အတွက် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများအား ကမ္ဘာ့ဘဏ်က မည်သို့ကူညီသွားမည်ကို ထုတ်ဖော် တင်ပြထားသည်ဟုလည်း သိရသည်။

သတင်း - ဇော်မင်းထွန်း
Photo - NLD
The Ladies News
https://www.facebook.com/News.TheLadies
မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ဆက်လက်အားပေးကူညီမည်ဟု ဆို  မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ဆက်လက်အားပေးကူညီမည်ဟု ဆို Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.