ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း၌ ယာဉ်နှစ်စီးတိုက်မှုဖြစ်၊ သုံးဦးသေဆုံး


သုဝဏ္ဏဝတီ ဖေဖော်ဝါရီ ၁

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်အပြင် အနန်းကုန်းပိုင်း ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်၌ ဖေဖော်ဝါရီ ၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားကာ လူသုံးဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံမြို့မှ ရန်ကုန်မြို့ဘက်သို့ ယာဉ်မောင်း သန်းဇော်ဦး သထုံမြို့နေသူ မောင်းနှင်လာသော 1H/----SUPER CUSTOM ယာဉ် သည် မိုင်တိုင်အမှတ် (၁၄ဝ/၁)နှင့် (၁၄ဝ/၂)ကြားအရောက် ယာဉ်ကြောတူ နောက်မှ ယာဉ်မောင်း ထင်ကျော်(ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံး မော်လမြိုင်) မောင်းနှင်လာသည်1D/---- ပါဂျဲရိုးယာဉ်က ကျော်တက်ရာ ရှေ့မှယာဉ်ကို ဝင်ရောက်တိုက်မိပြီး တစ်ဖက်ယာဉ်ကြောရှိ သထုံမြို့သို့ အောင်မင်းဦး တံတားဦးကျေးရွာနေသူမောင်းနှင်ပြီး နောက်မှ နေမျိုးစီးနင်း လိုက်ပါလာသော ဆိုင်ကယ်ကိုပါ ဆက်လက်တိုက်မိ၍ တစ်ဖက်ယာဉ်ကြော ဘက်သို့ ရောက်ရှိပြီး ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ များ ထိခိုက်ဒဏ်ရာရှိခဲ့သည်။

ဒဏ်ရာရရှိသူများကို သထုံပြည်သူ့ဆေးရုံသို့ တင်ပို့ကုသရာဒဏ်ရာ ပြင်းထန်သူ SUPER CUSTOM ယာဉ်ပေါ်လိုက်ပါလာသည့် ဦးကြည်စိုး (၆၇ နှစ်) ဒုရဲမှူးကြီး (အငြိမ်းစား)နှင့် ဆိုင်ကယ်မောင်းနှင်သူ အောင်မင်းဦး (၁၉ နှစ်)တို့မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကာ မသင်းသင်းအိ (မူလတန်း ပြဆရာမ)မှာ ရရှိသည့်ဒဏ်ရာဖြင့် ဆေးရုံ၌ သေဆုံးခဲ့သွားသည်။ နေမျိုးမှာ ဒဏ်ရာ(စိုးရိမ်ရ)ရရှိကာ မဖြူနုခိုင်(မူလတန်းပြဆရာမ သထုံမြို့)၊ ဦးမောင်သန်း နှင့် မထူးဝေကျော်တို့ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသဖြင့် သထုံပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့် စပ်လျဉ်း၍ သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်နယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း၌ ယာဉ်နှစ်စီးတိုက်မှုဖြစ်၊ သုံးဦးသေဆုံး  ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း၌ ယာဉ်နှစ်စီးတိုက်မှုဖြစ်၊ သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 13:35 Rating: 5
Powered by Blogger.