မုဒိမ်းကို ထောက်ခံတဲ့ လူကို ပြည်ဝင်ခွင့်မပေးဖို့ပြော

မုဒိမ်းကျင့်တာဟာ တရားဝင်တယ်လို့ ယူဆသူ Roosh V (Credit: ABC licensed) 
မုဒိမ်းကျင့်တာကို ​တရားဝင်အဖြစ် ​သတ်မှတ်သင့်တယ်လို့ ​ပြောဆိုနေတဲ့ ​လူကို ​သြစတြေးလျနိုင်ငံထဲ ​ဝင်ခွင့်မပေးဖို့ ​သြစတြေးလျနိုင်ငံသားတွေက ​အစိုးရကို ​တောင်းဆိုနေကြပါတယ်။

Daryush ​Valizadeh ​ဒါမှမဟုတ် ​Roosh ​V ​လို့ ​လူသိများတဲ့လူဟာ ​Return ​of ​Kings ​ဆိုတဲ့ ​အဖွဲ့တစ်ဖွဲ့ကို ​ဖွဲ့စည်းပြီး ​အဲဒီအဖွဲ့က ​မုဒိမ်းကျင့်မှုဟာ ​တရားဝင်တယ်လို့ ​ယုံကြည်တဲ့အဖွဲ့  ​ဖြစ်ပါတယ်။

အဲဒီလူက ​သြစတြေးလျနိုင်ငံက ​သူ့ရဲ့ ​နောက်လိုက်တွေနဲ့ ​ဒီရက်ပိုင်းမှာ ​တွေ့ဆုံမယ်လို့ ​သတင်းတွေ ​ရရှိလို့ ​လူပေါင်း ​ငါးသောင်းလောက်က ​လက်မှတ်ထိုးပြီး ​သူ့ကို ​ပြည်ဝင်ခွင့် ​မပေးဖို့ ​အစိုးရကို ​တောင်းဆိုနေကြပါတယ်။

Roosh ​V ​ဟာ ​သူ့ရဲ့နောက်လိုက် ​လူမျိုးစုနဲ့ ​စနေနေ့ကြရင် ​ဘရစ္စဘိန်း၊ ​မဲလ်ဘုန်း၊ ​ဆစ်ဒနီနဲ့ ​ပတ်သ်မြို့မှာ ​တွေ့ဆုံဖို့ ​ရှိတယ်ဆိုတဲ့ ​သတင်းတွေ ​ရရှိထားပါတယ်။

Return ​of ​Kings ​ရဲ့ ​ဝဘ်ဆိုက်မှာ ​ဖော်ပြချက်အရ ​အမျိုးသမီးတွေရဲ့ ​တန်ဖိုးဆိုတာ ​သူ့ရဲ့ ​အလှအပနဲ့ ​ကလေးမွေးနိုင်တဲ့ ​အပေါ် ​မူတည်ပြီး ​မုဒိမ်းကျင့်တယ်ဆိုတဲ့ ​ပုဂ္ဂလိကပိုင် ​လုပ်ရပ်အပေါ် ​အပြစ်ပေး ​အရေးယူတာမျိုး ​မလုပ်သင့်ဘူးလို့ ​ဆိုပါတယ်။

သြစတြေးလျနိုင်ငံ ​လူဝင်မှု ​ကြီးကြပ်ရေး ​ဝန်ကြီးကတော့ ​အမျိုးသမီးတွေကို ​လေးစားခြင်း ​မရှိတဲ့ ​လူကို ​ပြည်ဝင်ခွင့်ပေးမှာ ​မဟုတ်သလို ​Daryush ​Valizadeh ​ဆိုတဲ့ ​နာမည်နဲ့ ​ပြည်ဝင်ခွင့် ​ဗီဇာ ​လျှောက်ထားတာ ​မရှိဘူးလို့ ​ပြောဆိုထားပါတယ်။

သြစတြေးလျ ​အစိုးရက ​အိမ်တွင်းအကြမ်းဖက်မှု ​လုပ်ဖူးတဲ့ ​နာမည်ကြီး ​လက်ဝှေ့သမားတချို့ကို ​ပြည်ဝင်ခွင့် ​မပေးတာမျိုး ​လုပ်ခဲ့ဖူးသလို ​အခုတခါလည်း ​လုပ်ဖို့ ​ဝင်မလေးဘူးလို့ ​ပြောဆိုထားပါတယ်။

အသက် ​၃၆ ​နှစ်အရွယ် ​Roosh ​V ​ကတော့ ​သြစတြေးလျကို ​တနည်းနည်းနဲ့ ​ရောက်လာမယ်လို့ ​အေဘီစီကို ​ပြောပါတယ်။

သြစတြေးလျ ​ရဲတွေကလည်း ​စနေနေ့ကျရင် ​ဆစ်ဒနီမြို့မှာ ​တွေ့ဆုံဖို့ ​ရှိတဲ့အကြောင်း ​သတင်းရထားတဲ့အတွက် ​စောင့်ကြည့်မှုတွေ ​လုပ်သွားမှာ ​ဖြစ်တယ်လို့ ​ပြောဆိုထားပါတယ်။

Return ​of ​Kings ​အုပ်စုကတော့ ​ဘယ်နေရာမှာ ​တွေ့ဆုံမှုတွေ ​လုပ်မလဲ ​ဆိုတာကို ​လျို့ဝှက်ချက်အနေနဲ့ ​ထားရှိတဲ့အတွက် ​ရဲတွေက ​စုံစမ်းနေဆဲ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မုဒိမ်းကို ထောက်ခံတဲ့ လူကို ပြည်ဝင်ခွင့်မပေးဖို့ပြော  မုဒိမ်းကို ထောက်ခံတဲ့ လူကို ပြည်ဝင်ခွင့်မပေးဖို့ပြော Reviewed by THITHTOOLWIN on 13:46 Rating: 5
Powered by Blogger.