ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသည့် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ကျောင်းသားခေါင်းဆောင် မနီလာသိန်းကို အင်းစိန်ထောင်ကြီးချုပ်သို့ ပို့ဆောင်


၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ မနီလာသိန်းကို အင်းစိန်ထောင်ကြီးချုပ်သို့ ပို့ဆောင်လိုက်ပြီး နောက်တစ်ပတ် ရုံးချိန်းကို မတ်လ ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)ထံမှ သိရသည်။

မရမ်းကုန်းမြို့နယ် ရဲစခန်းက တရားဝင် ခွင့်ပြုချက်မရှိဘဲ စုဝေးလှည့်လည် ဆန္ဒပြမှုကျူးလွန်သည်ဟု ဆိုကာ မနီလာသိန်းကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ ရုံးတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံခဲ့ရသည့် မနီလာသိန်းက အာမခံယူမည် မဟုတ်ဘဲ တရားရုံးတွင်လည်း ဖြေရှင်းခြင်း၊ တရားသူကြီး၏ မေးမြန်းချက်များကို ဖြေကြားခြင်းများ လုံးဝပြုလုပ်မည် မဟုတ်ဘဲ ဖမ်းဆီးအကျဉ်းကျခံမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

မနီလာသိန်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၈၈ ရုံးခန်းသို့ ရဲအုပ်သန်းဝင်းနှင့် အဖွဲ့က အမှုရင်ဆိုင်ရန် လာရောက် အသိပေး အကြောင်းကြားခဲ့ပြီး ယင်းသို့ အသိပေး အကြောင်းကြားမှသာ မနီလာသိန်းအနေဖြင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားသည်ကို သိရှိခဲ့ပြီး ယင်းအမှုကို လာရောက်ရင်ဆိုင်ခြင်း မရှိသဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်းပါ သိရှိခဲ့ရခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လက်ပံတန်းကျောင်းသား သပိတ်ကို ထောက်ခံဆန္ဒပြခဲ့သည့် အတွက် မနီလာသိန်း အပါအ၀င် ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းနှင့် မဖြိုးဖြိုးအောင်တို့ကို မရမ်းကုန်းမြို့နယ်တွင် တရားရင်ဆိုင်ရန် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသည့် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ကျောင်းသားခေါင်းဆောင် မနီလာသိန်းကို အင်းစိန်ထောင်ကြီးချုပ်သို့ ပို့ဆောင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသည့် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ကျောင်းသားခေါင်းဆောင် မနီလာသိန်းကို အင်းစိန်ထောင်ကြီးချုပ်သို့ ပို့ဆောင် Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.