ကင်မရွန်းနိုင်ငံဈေးတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်၊ လူ ၁၉ ဦးသေဆုံး


ယောင်ဒီ(ကင်မရွန်း) ဖေဖော်ဝါရီ ၁၉

ကင်မရွန်းနိုင်ငံ၏ မြောက်ဘက် နိုင်ဂျီးရီးယားနယ်စပ်အနီး၌ တည်ရှိသောမဲမ်မြို့ရှိဈေးတစ်ခု၌ ဖေဖော်ဝါရီ ၁၉ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ခုတစ်ပြိုင်တည်းဖြစ်ပွားခဲ့ရာ လူ ၁၉ ဦးထက်မနည်းသေဆုံးပြီး ၅ဝ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘက်သတင်းရပ်ကွက်က ပြောကြားသည်။

ဖြစ်စဉ်မှာ မည်သူမည်ဝါဟု မသိရသည့် လူနှစ်ဦးက အဆိုပါဈေးထဲသို့ ဝင်ရောက်ပြီး ဈေးထဲတွင် ၎င်းတို့ ကိုယ်တိုင်အသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဗုံးခွဲတိုက်ခိုက် မှုကြောင့် သေကျေဒဏ်ရာရရှိသူ ဦးရေလည်း နောက်ထပ်တိုးနိုင်ဖွယ် ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သူမည်ဝါ၏လက်ချက်ဖြစ်သည်ကို ယခုထိတိုင် အတိအကျ မသိရ သေးသော်လည်း တာဝန်ရှိသူများကမူ လွန်ခဲ့သည့်နှစ်များက ချဒ်နှင့် နိုင်ဂျာနိုင်ငံအစရှိသည့် ကင်မရွန်း နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများရှိ အသေ ခံဗုံးခွဲတိုက်ခိုက်မှုများအပေါ် စွပ်စွဲ ခြင်းခံနေရသည့် နိုင်ဂျီးရီးယား အခြေ စိုက် ဘိုကိုဟာရမ်စစ်သွေးကြွများဟု ယုံကြည်ထားကြသည်။

ဘိုကိုဟာရမ်စစ်သွေးကြွအုပ်စုသည် နိုင်ဂျီးရီးယားနိုင်ငံ၌ ၎င်း၏ သောင်းကျန်းမှုစတင်ခဲ့ချိန် လွန်ခဲ့သည့် ခြောက်နှစ်တာကာလအတွင်း လူ ၁၅ဝဝဝ ခန့် အသက်ဆုံးရှုံးစေခဲ့ပြီး လူနှစ်သန်းခန့် ပြန်ပေးဆွဲခဲ့သည်ဟု ယုံကြည်ရကာ ကင်မရွန်းနိုင်ငံ တစ်နိုင်ငံတည်းတွင် ၎င်းတို့၏လက်ချက်ဖြင့် လူ ၁ဝဝဝ ခန့် အသက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယခုအခါ ဘိုကိုဟာရမ်စစ်သွေးကြွ အုပ်စုကို အမေရိကန်တပ်မတော် က လူအများဆုံးသေစေခဲ့သည့် အစွန်းရောက်ဝါဒီအုပ်စုအဖြစ် သတ်မှတ်ခေါ်ဆိုကြသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကင်မရွန်းနိုင်ငံဈေးတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်၊ လူ ၁၉ ဦးသေဆုံး  ကင်မရွန်းနိုင်ငံဈေးတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်၊ လူ ၁၉ ဦးသေဆုံး Reviewed by THITHTOOLWIN on 06:48 Rating: 5
Powered by Blogger.