အိန္ဒိယနိုင်ငံသား နှစ်ဦး လိုက်ပါလာသော ကားနှင့် ရထား တိုက်မိမှုဖြစ်ပွား


ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့အ၀င် ကားလမ်းမကြီးဘေး ဒိုက်ထူကျေးရွာ အနီးရှိ မီးရထားလမ်းကူးတွင် ဖေဖော်ဝါရီ ၈ ရက် နေ့လယ်၂း၃၀ နာရီခန့်က အိန္ဒိယနိုင်ငံသား နှစ်ဦး လိုက်ပါလာသော ကားနှင့် ပုသိမ်- ဟင်္သာတ အဆန်ရထား တိုက်မိခဲ့ကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ သိရှိရသည်။

အိန္ဒိယနိုင်ငံသား နှစ်ဦး လိုက်ပါလာသည့် ကားမှာ ရထားလာနေသည်ကို မမြင်ဘဲ လမ်းကူးရန် ပြုလုပ်နေစဉ် ရထားစက်ခေါင်းနှင့် ချိတ်မိ၍ နေရာမှကိုက် ၅၀ ခန့်အထိ ပါသွားပြီး ကားညာဘက်ခြမ်း ပျက်စီးခဲ့ကာ လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

“ကားက ရွာအ၀င်လမ်းကို ဖြတ်ဖောက်ထားတဲ့ မီးရထားသံလမ်းကို ဖြတ်အကျော် ရထားကအလာမှာ သံလမ်းပေါ် ရှေ့ဘီးအကျွံ ကားရဲ့ခေါင်းပိုင်း ဘန်ကာနဲ့ ရထားရဲ့ ဘယ်ဘက်ဘေးခေါင်း သံတန်း ချိတ်ပါသွားတာ” ဟု မျက်မြင်တွေ့ရှိသူ ဒိုက်ထူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ပြောသည်။

ကားနှင့် ရထားတိုက်မိသည့် ရထားလမ်းကူးသည် မီးရထားဥပဒေအရ တရားဝင် မီးရထားသံလမ်း ဖြတ်ကျော်သည့်လမ်း မဟုတ်ကြောင်း တရားဝင်ဖြစ်ပါက ဂိတ်အစောင့်အလံ လမ်းပိတ်မောင်းတန်တို့ ထားရှိရမည် ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်း(ပုသိမ်)မှ သိရသည်။

“ဒရိုင်ဘာက ရထားကို အနားရောက်မှ မြင်တော့ နောက်ကိုအတင်း ပြန်ဆုတ်နေရင်း ချိတ်ပါသွားတာပါ။ မီးရထား ရုံပိုင်ကြီးက တိုင်စာပေးပို့ တိုင်ကြားခြင်းမရှိသေးလို့ အမှုမဖွင့်တာပါ” ဟု ပုသိမ်မြို့မ ရဲစခန်းမှ တာဝန်မှူး ရဲအုပ်ဝင်းကိုက ပြောသည်။

အခင်းဖြစ်ပွားသည့် ကားမှာ Hilux Surf အပြာနုရောင်ကား အမျိုးအစားဖြစ်ပြီး အမှတ် ၁၈၇ ပုသိမ်-ဟင်္သာတ အဆန် လော်ကယ်ရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ သိရသည်။

ထိုယာဉ်ကို မောင်းနှင်ခဲ့သူမှာ ကိုရဲလင်းထွဋ် ၂၆ နှစ်ဖြစ်ပြီး လိုက်ပါလာသည့် အိန္ဒိယနိုင်ငံသား နှစ်ဦးမှာ Mr Harun Shrief နှင့် Mr Narasinha Gupta (ဗီဇာအမှတ်) စစ်ဆေးနေဆဲဖြစ်ကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies/
အိန္ဒိယနိုင်ငံသား နှစ်ဦး လိုက်ပါလာသော ကားနှင့် ရထား တိုက်မိမှုဖြစ်ပွား အိန္ဒိယနိုင်ငံသား နှစ်ဦး လိုက်ပါလာသော ကားနှင့် ရထား တိုက်မိမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.