ကျောင်းသားသပိတ် ကူညီခဲ့သူ ၃ ဦးကို တရားစွဲဆို


ဗိုလ်မှူးကြီးဟောင်း ဦးနေမျိုးဇင် ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တရားရုံးထုတ်လာစဉ်။ Photo: Nay Myo Zin Facebook
လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေကို အကူအညီ ပေးခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး၊ ဗိုလ်မှူးကြီးဟောင်း ဦးနေမျိုးဇင် နဲ့ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုတို့ ၃ ဦး ကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပြီး တရားရုံးမှာ အမှုရင်ဆိုင်ဖို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှာ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှာ ရုံးချိန်းရှိကြောင်း စခန်းမှူးက ဒီကနေ့မနက်က အကြောင်းကြားလာတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးက ပြောပါတယ်။

"ဒီနေ့ စခန်းမှူးကနေပြီးတော့ အကြောင်းကြားစာက ဒီညရောက်မယ်ပေါ့၊ ပထမတော့ သူကနှုတ်နဲ့ အကြောင်းကြားတာပေါ့၊ ၃ ကြိမ် ဖုန်းနဲ့ အကြောင်းကြားတာပေါ့၊ ကျောင်းသားတွေ ပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြတဲ့ ၂ဝ၁၄ ခုနှစ်က ရန်ကုန်မြို့မှာလုပ်တဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီးတော့ ကျမရယ်၊ ကိုနေမျိုးဇင်ရယ်၊ ကိုကျော်ကိုကိုရယ် ၃ ယောက် မင်္ဂလာတောင်ညွန့် စခန်းကနေပြီးတော့ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ပြီးတော့ ၂၄.၂.၂ဝ၁၆ ရက်မှာ မင်္ဂလာတောင်ညွန့် တရားရုံးမှာ တရားလာရင်ဆိုင်ဖို့ အကြောင်းကြားတာပါ"

အဲဒီအမှုနဲ့ ပတ်သက်ပြီး အာမခံပေးမယ်ဆိုရင်တောင် အာမခံယူမှာမဟုတ်သလို ရှေ့နေငှားပြီး အမှုရင်ဆိုင် ဖြေရှင်းသွားမှာမဟုတ်ကြောင်းလည်း မမီးမီိး က ပြောပါတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကစလို့ ရန်ကုန်မြို့မှာ အမျိုးသားပညာရေးဥပဒေကို ၄ ရက်ကြာ သပိတ်မှောက်ခဲ့ရာ ပထမနေ့နဲ့ နောက်ဆုံးနေ့ နှစ်ရက်မှာ မမီးမီးတို့က သပိတ်စစ်ကြောင်းကို ရေသန့်ဘူးနဲ့ အစားအသောက်တွေ ဝေငှခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျောင်းသားသပိတ် ကူညီခဲ့သူ ၃ ဦးကို တရားစွဲဆို  ကျောင်းသားသပိတ် ကူညီခဲ့သူ ၃ ဦးကို တရားစွဲဆို Reviewed by THITHTOOLWIN on 22:14 Rating: 5
Powered by Blogger.