အခြေခံအုပ်ချုပ်ရေးကဏ္ဍ ထိန်းကျောင်းဆောင်ရွက်မည်ဟု မကွေးတိုင်း လွှတ်တော်ဥက္ကဌ ပြောကြား


မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတာသည့် ဌာနဆိုင်ရာပေါင်း ၃၆ ခုနှင့် ပထမဆုံး တွေ့ဆုံပွဲကို မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကပြုလုပ်ရာတွင် အခြေခံအုပ်ချုပ်ရေးစနစ်၌ အရေးကြီးသော ရပ်ကျေး/ထွေအုပ် စာရေးများ ၀န်ထမ်းစည်းကမ်းများကို အဓိကချိုးဖောက်နေမှုကို လုံးဝလက်ခံနိုင်စရာမရှိကြောင်း ပြောကြားသည်။

ရပ်ကျေးအုပ်ချုပ်ရေး အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရသည့် ရပ်ကျေးစာရေးများမှာ တာဝန်ကျရာအရပ်ဒေသတွင် သွားရောက်နေထိုင်ခြင်းမရှိဟု ၎င်းက ပြောဆိုသည်။ ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း ချိုးဖောက်မှုများရှိပြီး ရပ်ကျေး အုပ်ချုပ်ရေးမှူးများသည်လည်း ပြည်သူတကယ်ကြိုက်သော အုပ်ချုပ်ရေးမှူးများဖြစ်ရန် လိုအပ်သောကြောင့် အခြေခံအုပ်ချုပ်ရေးကဏ္ဍမှစတင်ပြီး ထိန်းကျောင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

‘’ကျွန်တော်တို့ပါတီအနေနဲ့ ပြည်သူက တကယ်ပြောင်းလဲဖို့ ရွေးချယ်ပေးလိုက်တဲ့အတွက် ပြည်သူတွေလိုအပ်တဲ့ ကဏ္ဍတိုင်းကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားပါမယ်။ ပညာရေးနဲ့ပတ်သက်ပြီး အားနည်းချက်တွေ တွေ့နေရပါတယ်။ အခြေခံအဆောက်အအုံတွေ ဆောက်တာကိုက စိစစ်မှုတွေ အားနည်းနေပါတယ်။ အရည်အသွေးမပြည့်တာတွေ တွေ့ရပါတယ်။ အရည်အသွေးက တော်တော်ညံ့ပါတယ်။‘’ဟု လွှတ်တော်ဥက္ကဌက သုံးသပ်ပြောဆိုသည်။

အခြေခံအုပ်ချုပ်ရေး ကဏ္ဍနှင့်ပတ်သတ်၍ အားနည်းချက်များကို သက်ဆိုင်ရာဌာနများက အရေးယူဆောင်ရွက်ရန် လိုအပ်သလို တိုင်းပြည်အတွက် မနစ်နာစေရန် စည်းကမ်းတကျ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း လွှတ်တော်ဥက္ကဌ ဦးတာက ပြောကြားသည်။ ထိုသို့ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများမှတဆင့် လုပ်ဆောင်ပေးရန် ပြောဆိုသွားမည်ဟု ဆိုသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
အခြေခံအုပ်ချုပ်ရေးကဏ္ဍ ထိန်းကျောင်းဆောင်ရွက်မည်ဟု မကွေးတိုင်း လွှတ်တော်ဥက္ကဌ ပြောကြား  အခြေခံအုပ်ချုပ်ရေးကဏ္ဍ ထိန်းကျောင်းဆောင်ရွက်မည်ဟု မကွေးတိုင်း လွှတ်တော်ဥက္ကဌ ပြောကြား Reviewed by THITHTOOLWIN on 12:59 Rating: 5
Powered by Blogger.