ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အခြေခံ ဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက် အတိုင်း ပြင်သင့် ပြင်ထိုက်သည့် အချိန်တွင် ပြင်မည်ဟု တပ်ချုပ် ပြော


ဒီမိုကရေစီ သက်တမ်းမှာ ၅ နှစ်ခန့်သာ ရှိသေးသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်သည့် အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်အတိုင်း ပြင်သင့်ပြင်ထိုက်သည့် အချက်များကို သင့်လျော်သည့် အချိန်တွင် ပြုပြင်ရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ ဆိုင်းငံ့ရန်အတွက် ငြင်းခုံဆွေးနွေးမှုများ များပြားနေချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ကလောမြို့ စစ်ဦးစီးတက္ကသိုလ် သင်တန်းသားများနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) တွင် ပုဒ်မ ၄၃၆ (က) နှင့် ပတ်သက်သော ပုဒ်မများအတွက် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း1ကျော်က ပြင်ဆင်ရန် လိုအပ်ကြောင်း ထောက်ခံရန် လိုအပ်ပြီး ယင်းနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဖြစ်သည်။ ပုဒ်မ ၄၃၆ (ခ) နှင့် သက်ဆိုင်သော ပုဒ်မများအတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ခွင့်ရ ရှိမည်ဖြစ်သည်။

အရပ်သားလွှတ်တော် ကိုယ်စားလှယ် အရေအတွက်မှာ ၁၀၀ ရာနှုန်းအပြည့်မရှိဘဲ ၇၅ ရာခိုင်နှုန်းသာ ရှိသောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပုဒ်မ တစ်ခုချင်းစီအလိုက် ပြင်ဆင်မှုတိုင်းတွင် တပ်မတော်၏ သဘောထားမှာ အရေးပါနေဦးမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အတွက် အတားအဆီး ဖြစ်နေသော ပုဒ်မ ၅၉ (စ)မှာ ပုဒ်မ ၄၃၆ (က) ပါ ပြဋ္ဌာန်းချက်ဖြင့်သာ ပြင်ဆင်နိုင်မည်ဖြစ်ပြီး ပြင်ဆင်ရန် ခက်ခဲမည်ဖြစ်ကာ တပ်ချုပ်ကိုယ်တိုင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်းသာ ဥပဒေများကို ပြင်ရမည်ဟု ပြောလိုက်ခြင်းအားဖြင့် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေးဆိုသည့် ကိစ္စမှာ အလားလာ မကောင်းတော့ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

Photo - Snr Gen Min Aung Hlaing

The Ladies News
https://www.facebook.com/News.TheLadies
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အခြေခံ ဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက် အတိုင်း ပြင်သင့် ပြင်ထိုက်သည့် အချိန်တွင် ပြင်မည်ဟု တပ်ချုပ် ပြော  ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အခြေခံ ဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက် အတိုင်း ပြင်သင့် ပြင်ထိုက်သည့် အချိန်တွင် ပြင်မည်ဟု တပ်ချုပ် ပြော Reviewed by THITHTOOLWIN on 17:05 Rating: 5
Powered by Blogger.