ရေးမြို့တွင်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား ဝေဖန်မှုများရှိနေ


ရေး ၊ ဖေဖေါ်ဝါရီ ၁၉

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကြိုဆိုထောက်ခံသည့် အနေဖြင့် ယနေ့မနက်ပိုင်းက ရေးမြို့နယ်တွင် ကျင်းပသည့် ထောက်ခံပွဲ အခမ်းအနားအပေါ် အရပ်ဖက် အဖွဲ့အစည်းအချို့က ဝေဖန်ပြောဆို လိုက်သည်။

ငြိမ်းချမ်းရေး ထောက်ခံသည့်ပွဲအား အမိန့်နှင့်ခေါ်ကာ မဖြစ်မနေ လုပ်ခိုင်းခြင်းသည် အနှစ်သာရ
မရှိကြောင်း မွန်ပြည်နယ် အရပ်သား အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေး ကော်မတီ အတွင်းရေးမှူး
ဦးမင်းအောင်ထူးက ပြောသည်။

“ ငြိမ်းချမ်းရေးကိုလိုလားတဲ့ နိုင်ငံသားတွေအထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ပါ။ ငြိမ်းချမ်းရေး ကိုတကယ်လိုလားလို့ ငြိမ်းချမ်းရေးနဲ့စပ်ဆိုင်တဲ့ ကိစ္စတွေတော်တော်များများမှာ အရပ်ဘက်အဖွဲ့အစည်းတွေ ဘက်က ရပ်တည်ပြီး ပါဝင်နေခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြ၊ ရုပ်လုံးဖော်ကြ၊ အသံပြုကြ၊ ဆန္ဒပြု ကြတဲ့ လုပ်ငန်းဆောင်တာ အားလုံးကို အားပေးပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး စကားလုံးသုံးပြီး ငြိမ်းချမ်းရေးကို တန်ဘိုးနည်းစေမယ့် လူအများစိတ်ပျက်စေတဲ့ လုပ်ရပ်မျိုးကိုတော့ မဖြစ်စေချင်ပါဘူး၊ တည့်ပြောရရင် ငြိမ်းချမ်း ရေးထောက်ခံပွဲဆိုပြီး လူတွေကို အမိန့်နဲ့ခေါ်၊ မဖြစ်မနေ လုပ်ခိုင်းတာမျိုးက အနှစ်သာရမရှိတဲ့ အတွက်ပါ ” ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ အခမ်းအနား တက်ရောက်ရန်အတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကွက်အုပ်ချုပ်ရေး မှူးများအား အင်းအား ၅၀ ဦးဖြင့်လည်းကောင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများနှင့် အဖွဲ့ အစည်းအချို့အား သတ်မှတ်အင်အားဖြင့် လည်းကောင်း တက်ရောက်ရန် ကျင်းပမည့်နေ့မတိုင်ခင် အကြောင်း ကြားစာများ အသီးသီးပေးပို့ခဲ့ခြင်းအပေါ် ၄င်းက အထက်ပါအတိုင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်ကမူ စီမံချက်အရ ဖိတ်ကြားရခြင်းဖြစ်ပြီး အတင်းအကျပ် စေခိုင်းခြင်း မဟုတ်ကြောင်း သံလွင်တိုင်းမ်သို့ ပြောဆိုပါသည်။

“ကျွန်တော်ကတော့ ငြိမ်းချမ်းရေးကိုကြိုဆိုတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲနဲ့ ပတ်သက်ပြီးတော့ မဆလ၊ န၀တ၊ နအဖ ဆန်ဆန် လုပ်တာတော့ သဘောမကျဘူး၊ ပြီးတော့ စာမေးပွဲရာသီ၊ ကျောင်းနဲ့ကပ်ရပ် နေရာမှာ ဒါမျိုးပွဲလုပ်တာ မသင့်တော်ဘူးလို့ ကျွန်တော်မြင်တယ်။ အချိန်မီရပ်နားနိုင်ဖို့အတွက်ကို မေတ္တာရပ်ခံခဲ့ တယ်။ ပြည်နယ်အစိုးရ အပါအ၀င်၊ အမ်ပီစီ အပါအ၀င် မေတ္တာရပ်ခံခဲ့တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကခေါ်တွေ့ ပြီးတော့ သူ့လမ်းကြောင်းအတိုင်း သွားမယ့်လို့ခေါ်ပြောတယ်။ ဒါ ကျောင်းသားလူငယ်တွေအနေနဲ့ မသင့်တော် ဘူး၊ စိတ်အနှောင့်အယှက်ဖြစ်မယ်။ ကျောင်းသားတွေကို ခုလိုမျိုးခေါ်သုံးတယ်ဆိုတာ တရားဝင်လူ့အခွင့်အရေး ကိုချိုးဖောက်တာလို့ယူဆတယ်။ အားလုံး စိတ်ထဲကပါအောင် ပြည်သူတွေကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အားလုံးညှိနှိုင်းပြီးတော့ လူ့အဖွဲ့အစည်းတွေနဲ့လုပ်တဲ့လမ်းကြောင်းကို ရွေးချယ်ချင်တယ် ” ဟု မွန်ဒေသအရပ် ဖက်ဖွံ့ဖြိုးရေးအဖွဲ့အစည်းက ဒါရိုက်တာ ကိုလွင်က ပြောသည်။

အဆိုပါအခမ်းအနားကို ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ ဘောလုံးအားကစားကွင်းတွင် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့နံနက် ၈ နာရီမှ ၈ နာရီ ၄၀ မိနစ်အထိပြုလုပ်ခဲ့ပြီး မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဋ္ဌ
ဦးရဲညွန့်မောင်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ပြည်သူတစ်ဦးတင်သွင်းသည့် ငြိမ်းချမ်းရေးညီလာခံအား ကြိုဆိုသည့်အဆိုကို တက်ရောက်လာသည့် တိုင်းရင်းသားပြည်သူ ၃ ဦးက ထောက်ခံကြောင်း တင်ပြခဲ့ကြပြီး အခမ်းအနားသို့ အင်အား ၁၀၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။

ယခုအစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၈ ဖွဲ့က လက်မှတ်ရေးထိုးထားပြီး စာချုပ်အရ ဆက်လက်အကောင်အထည်ဖော်ရသည့်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်န၀ါရီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။

သတင်းနှင့် ဓါတ်ပုံ - ရဲနိုင်ဦး(ရေး)
Than Lwin Times
https://www.facebook.com/thanlwintimes9
ရေးမြို့တွင်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား ဝေဖန်မှုများရှိနေ   ရေးမြို့တွင်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား ဝေဖန်မှုများရှိနေ Reviewed by THITHTOOLWIN on 10:36 Rating: 5
Powered by Blogger.