ချင်းတွင်းမြစ်အတွင်း သဲသောင်များကြောင့် ရေကြောင်းကျဉ်း၍ ရေယာဉ်များသွားလာရေးခက်ခဲနေ


ရေစကြို ဖေဖော်ဝါရီ ၂၂

ယခုနှစ်တွင် ချင်းတွင်းမြစ်ရေအကျစောပြီး သဲသောင်ခုံများ အများအပြားပေါ်ထွန်းလာမှုကြောင့် ရေကြောင်းကျဉ်း၍ ရေယာဉ်များအတွက် အန္တရာယ် များပြီး သွားလာရေး အခက်အခဲများရှိနေကြောင်း သိရ သည်။

''ချင်းတွင်းမြစ်ရေက အရင်နှစ်ထက်စာရင် ရေကျ လည်း စောသလို မကြုံစဖူး သဲသောင်ခုံတွေကလည်း အများကြီး ပေါ်ထွန်းလာတယ်။ အခုလိုသဲသောင်ခုံတွေ အများအပြား ပေါ်ထွန်းလာတာကတော့ ပြီးခဲ့တဲ့နှစ်က မြစ်ရေနှစ်ကြိမ်ကြီးပြီး တောတောင်တွေကို ဖြတ်သန်း စီးဆင်းတဲ့ရေနဲ့အတူ ရွှံ့ညွန်တွေပါလာတာကြောင့် ဖြစ်ဖို့များတယ်ဗျ။ အခုလို သဲသောင် ခုံတွေပေါ်ထွန်းတာများတော့ မြစ်ကြောင်းခွဲတွေဖြစ်လာပြီး ရေကြောင်းလည်း ကျဉ်းလာတယ်။ ပြီးခဲ့တဲ့နှစ် အခုချိန်မှာ အိတ် ၂ဝဝ၊ ၃ဝဝ ပါတဲ့ရေယာဉ် တွေ မြို့အခြေဆိပ်ကမ်းအထိ ကပ်လို့ရတယ်။ အခု ကပ်လို့မရတော့ဘူး။ ပြီးတော့ဒီအချိန်က မြစ်အရှေ့ဘက်ကမ်းကရွာတွေမှာ သီးနှံပေါ်တဲ့အချိန် အခုလိုရေကြောင်းကျဉ်းတော့၊ ရေယာဉ်တွေသွားလာရတာ အန္တရာယ်များတော့ ကုန်တွေကို တင်ချင်သလိုတင်လို့ မရဘူးဖြစ်နေတယ်။CP အစေ့ထုတ်ပြောင်း ကလည်း လှိုင်လှိုင်ပေါ်၊ တစ်နေ့ကို အိတ်ရေ ထောင်ချီဝင်နေတာ၊ ဈေးကလည်း ကောင်းတော့ ဈေးကောင်းမီအောင် သူထက်ငါ အလုအယက်ပို့ချင်နေကြ တာ။ ရေကြောင်းအခက်အခဲကြောင့် မပို့နိုင်ဖြစ်နေရတယ်။ တစ်နှစ်မှ မပြောင်း ဘူးတဲ့ပန်းတော်ပြင်ကူးတို့လုပ်ငန်းတောင် ရေစကြိုအောက်ဘက် ပေါက်တော ရွာကို ရွှေ့လိုက်ရတယ်။ အဲဒီမှာတော့ ဒေသလုပ်ဇက်ရေယာဉ်နဲ့ ကုန်ရော၊ ကားရော ကူးပေးနေတယ်။ ဒါပေမယ့် တောင်သူတွေအတွက်တော့ စရိတ်စက နည်းနည်း တက်သွားပါတယ်''ဟု ဆင်ခြေရာရွာမှ ရေယာဉ်ပိုင်ရှင်တစ်ဦးက ပြောပြသည်။

ဖေထွဏ်းဇော်(ရေစကြို)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ချင်းတွင်းမြစ်အတွင်း သဲသောင်များကြောင့် ရေကြောင်းကျဉ်း၍ ရေယာဉ်များသွားလာရေးခက်ခဲနေ  ချင်းတွင်းမြစ်အတွင်း သဲသောင်များကြောင့် ရေကြောင်းကျဉ်း၍ ရေယာဉ်များသွားလာရေးခက်ခဲနေ Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.