မင်းပြားတွင် အသက် ၇ နှစ် အရွယ် ကလေးအား မီးရှို့သည့် အဒေါ်ကို အရေးယူ


ရခိုင်ပြည်နယ် မင်းပြားမြို့တွင် အသက် ၇ နှစ် အရွယ် မိန်းကလေးတစ်ဦးအား အဒေါ်ဖြစ်သူက မီးရှို့ပြီး ညှင်းပန်းနှိပ်စက်ခဲ့သောကြောင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် မင်းပြားမြို့မ ရဲစခန်းက ဖမ်းဆီးထိန်းသိမ်း လိုက်ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ မင်းပြားမြို့၊ ကံကော်မြိုင်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့က အသက် (၂၈)နှစ်အရွယ် အဒေါ်ဖြစ်သူက သူမထံမှ ငွေနှစ်ထောင်ကျပ် ခိုးယူသည့် အသက် ၇ နှစ်အရွယ် ပထမတန်းကျောင်းသူအား မီးသွေးခဲဖြင့် မီးရှို့ခဲ့သဖြင့် ကလေးငယ်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ညိုမဲဒဏ်ရာများနှင့် ဖူးရောင်ဒဏ်ရာများ ရရှိနေကြောင်း ရပ်ကွက်နေ ပြည်သူများက ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ရဲစခန်းသို့ အသိပေးအကြောင်း ခဲ့ရာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုအဖြစ် အရေးယူပေးရန် အမူဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“ကလေးမှာ မိဘတွေက ထိုင်းမှာ သွားအလုပ်လုပ် နေကြတယ်။ ဒီမှာ အဘွား၊ အဒေါ်တွေနဲ့ အတူတူနေတယ်။ အခု ကလေးကို မီးရှို့တာက သူ့အဒေါ်အရင်းပါ။ ကလေးကို နောင်ပိုက်ဆံတွေ မခိုးရဲအောင် ဆုံးမတယ်လို့ ပြောပါတယ်။ သူက မီးညှပ်နဲ့ မီးသွေးတုံးကိုကိုင်ပြီး ကလေးကို တစ်ကြိမ်ပဲ ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကလေးကိုယ်ခန္ဓာ အနှံ့မှာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရနေတော့ တစ်ကြိမ်မကဘူးလို့ သုံးသပ်ရပါတယ်။ ပြီးတော့ ကလေးကို အိမ်မှာပိတ်ထားရာကနေ ဒီမှာကနေတဲ့ နတ်ပွဲကို ရောက်လာတော့ ရပ်ကွက်က လူတွေက ကလေးကို ရဲစခန်းမှာ သွားအပ်ခဲ့တာ ဖြစ်ပါတယ်။ အခု ဆေးရုံမှာ ဆေးကုပေးနေတယ်။ အရင်တုန်း ကလည်း ကလေးကို ညှင်းပန်းခဲ့တာမျိုးတွေ ရှိခဲ့တယ်” ဟု မင်းပြားမြို့၊ ဥက္ကပျံရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးစောဘချိုက ဆိုသည်။

ကလေးအား မီးရှို့ခဲ့သည့် အဒေါ်ဖြစ်သူအား မင်းပြား မြို့မရဲစခန်းမှ အပြင်းအထန် နာကျင်စေမှု (ပ)၃၄/၁၆ ၊ပုဒ်မ ၃၂၆ အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies/
မင်းပြားတွင် အသက် ၇ နှစ် အရွယ် ကလေးအား မီးရှို့သည့် အဒေါ်ကို အရေးယူ  မင်းပြားတွင် အသက် ၇ နှစ် အရွယ် ကလေးအား မီးရှို့သည့် အဒေါ်ကို အရေးယူ Reviewed by THITHTOOLWIN on 15:39 Rating: 5
Powered by Blogger.