အိန္ဒိယနိုင်ငံ ဟာယာနားပြည်နယ်တွင် ပဋိပက္ခဖြစ်ပွား၊ လူသုံးဦးသေဆုံးပြီး ၇ဝ ကျော်ထိခိုက်ဒဏ်ရာရ

နယူးဒေလီ ဖေဖော်ဝါရီ ၂ဝ

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယာနားပြည်နယ် ရိုတာ့ခ်ခရိုင်တွင် အစိုးရအလုပ်အကိုင်နှင့် ပညာရေး အခွင့်အလမ်းအတွက် ဆန္ဒထုတ်ဖော်သူများက လက်နက်တိုက်မှသေနတ်များကို ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းကခိုးယူခဲ့ပြီး ဒေသဆိုင်ရာဝန်ကြီးတစ်ဦး၏နေအိမ် အပါအဝင် အဆောက်အအုံများအား မီးတင်ရှို့မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပဋိပက္ခအကြီးအကျယ်ဖြစ်ပွားခဲ့ရာ လူသုံးဦးသေဆုံးပြီး ၇ဝ ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက မီဒီယာသို့ ယနေ့ ပြောကြားသည်။

အိန္ဒိယတပ်မတော်သည် အဆိုပါ ပဋိပက္ခဖြစ်ပွားရာ ဒေသရှိပြည်သူများအား ဘေးလွတ်ရာအရပ်သို့ ပြောင်းရွှေ့ပေးရေးအတွက် ရဟတ်ယာဉ်များကိုအသုံးပြုပြီး ယင်း ပဋိပက္ခကြောင့် လမ်းများပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့်ကိုပါ တစ်ပါတည်း ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ အာဏာပိုင်များက ညမထွက် ရအမိန့်ထုတ်ပြန်ခဲ့သော်လည်း ပဋိပက္ခဖြစ်မှုမှာ အခြား ပြည်နယ်များသို့ ပျံ့နှံ့သွားပြီး ဘူဒါခယ်ဒါကျေးရွာတွင် ရထားဘူတာတစ်ခု၊ ရိုတာ့ခ်ခရိုင်တွင် ဘတ်စ်ကားတစ်စီး၊ မော်တော်ယာဉ်များနှင့် ဓာတ်ဆီဆိုင်တစ်ဆိုင်တို့ကို မီးတင်ရှို့ခဲ့ကြောင်း သိရသည်။

အိန္ဒိယပိုင် အောလ်အိန္ဒိယရေဒီယိုအသံလွှင့်ဌာနမှ ကြေညာချက်အရ ယင်းပဋိပက္ခဖြစ်မှုကြောင့် လူသုံးဦး သေဆုံးပြီး ဒေသတွင်းရထားခရီးစဉ် ၄၅ဝ ခန့်ကို အာဏာ ပိုင်များက ဖျက်သိမ်းခဲ့ကြောင်းသိရသည်။ ယင်းဖြစ်စဉ် နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ် ရာတွင် ဟာယာနားပြည်နယ်ရဲချုပ် ဝိုင်ပီဆင့်ဂါးလ်က ပြည်နယ်အတွင်း အခြေအနေပုံမှန် ပြန်ဖြစ်လာရေးအတွက် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးကြိုးစားလျက်ရှိပါကြောင်း၊ ဒေသအတွင်း တရားဥပဒေစိုးမိုးမှုပြန်လည် ရရှိရေးအတွက် ဗဟိုအစိုးရမှ စစ်ကူများစေလွှတ်ပေးရန် မိမိတို့တောင်းဆို ထားပါကြောင်း၊ ယင်းအခင်းဖြစ်မှုတွင် လူသုံးဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူ ၇ဝ ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အဆင့်မြင့်အရာရှိ အစည်းအဝေးတစ်ရပ်ကို မြို့တော် နယူးဒေလီတွင် ယနေ့ကျင်းပရာ အိန္ဒိယပြည်ထဲရေး ဝန်ကြီးရာဂျနတ်ဆင့်က သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပဋိပက္ခဖြစ်ပွားရာရိုတာ့ခ် ဒေသတွင် မိုဘိုင်းအင်တာနက် ဆက်သွယ်ရေးစနစ်များအား ဆိုင်းငံ့ထားရန်နှင့် စာသင်ကျောင်းများအား ပိတ်ပင်ထားရန် တာဝန်ရှိသူများက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အိန္ဒိယနိုင်ငံ ဟာယာနားပြည်နယ်တွင် ပဋိပက္ခဖြစ်ပွား၊ လူသုံးဦးသေဆုံးပြီး ၇ဝ ကျော်ထိခိုက်ဒဏ်ရာရ  အိန္ဒိယနိုင်ငံ ဟာယာနားပြည်နယ်တွင် ပဋိပက္ခဖြစ်ပွား၊ လူသုံးဦးသေဆုံးပြီး ၇ဝ ကျော်ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 06:45 Rating: 5
Powered by Blogger.