ပုသိမ်မြို့တွင် ယောက္ခအိမ် မီးရှို့သူက လာရောက်ဖမ်းဆီးသည့် နယ်ထိန်းအား လက်ကျိုးသည်အထိ ရိုက်နှက်မှု ဖြစ်ပွား


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အောင်သိဒ္ဓိရပ်ကွက်တွင် ယောက္ခအိမ်ကို မီးရှို့သူက လာရောက် ဖမ်းဆီး သည့် နယ်ထိန်းအား လက်ကျိုးသည်အထိ ရိုက်နှက်မှု ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၆း၀၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲစခန်းမှ သိရှိရသည်။

အောင်သိဒ္ဓိရပ်ကွက်ရှိ ရထားသံလမ်းဘေးနေ အောင်မင်းခိုင်(၃၅) နှစ်သည် မိန်းမဖြစ်သူနှင့် စကားများပြီး ၎င်းနေထိုင်သည့် ယောက္ခမပိုင် နေအိမ်နှင့် ပတ်ဝန်းကျင် ရှိ နေအိမ်တစ်လုံးကို ဓာတ်ဆီ၊ ဝက်ဆီတို့ဖြင့် ပက်ကာ မီးရှို့ခဲ့ပြီး လာရောက် မီးငြှိမ်းသည့် ရပ်ကွက်သူ ရပ်ကွက်သားများကို ဓားဖြင့် လိုက်ခုတ်နေသဖြင့် နယ်ထိန်းက ၀င်ရောက် ဖမ်းဆီးရာ ပြန်လည်ခုခံခဲ့ကြောင်း သက်ဆိုင်ရာ အသည်ကြီး ရဲစခန်းမှ သိရသည်။

“၀င်ဖမ်းချိန်မှာ လက်ထဲမှာရှိတဲ့ တုတ်နဲ့ခေါင်းကို လှမ်းရိုက်တာကို လက်နဲ့ ကာလိုက်တာပါ၊ နောက်ပြီး ကျန်တဲ့ လက်တစ်ဖက်နဲ့ သူ့ကို ဆွဲလှဲ လိုက်တော့မှ နောက်ကလူ ဆယ်ယောက်လောက်နဲ့ ၀ိုင်းပြီး ဖမ်းခဲ့ရတာပါ” ဟု ၀င်ရောက် ဖမ်းဆီးခဲ့သူပုသိမ်မြို့၊ အမှတ် ၇ နယ်မြေမှ နယ်ထိန်း ဒုတပ်ကြပ် ခင်မောင်မြတ်က ပြောသည်။

အောင်မင်းခိုင်မှာ ယခင်ကလည်း လင်မယားချင်း စကားများကာ ရပ်ကွက်ရုံးသို့ နှစ်ကြိမ်ခေါ်ယူ သတိပေး ခံခဲ့ရဖူးသူ ဖြစ်ကြောင်း အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောသည်။

“ သူတို့မိသားစု တစ်ညလုံး တ၀ုန်းဝုန်းနဲ့ ရန်ဖြစ်နေတာ၊ မနက်မိုးလင်းတော့ ငါ့အိမ်ငါမီးနဲ့ ရှို့တာ ဘာဖြစ်လဲဆိုပြီး မီးတုတ်တစ်ဖက် ဓားတစ်ဖက်နဲ့ ရမ်းနေပြီး ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကျွန်တော့် အိမ်ဘက်ကိုပါ မီးစနဲ့ လှမ်းပစ်တာ” ဟု နေအိမ် မီးလောင်ပျက်စီးခဲ့သူ ကိုကျော်ဇင်က ပြောသည်။

နေအိမ်များကို မီးရှို့ ဖျက်ဆီးပြီး ရဲဝန်ထမ်းကို လက်ကျိုးအောင်ရိုက်ခဲ့သူ အောင်မင်းခိုင်(၃၅) နှစ်အား ပုသိမ်မြို့ အသည်ကြီးရဲစခန်းက (ပ) ၇၁/၂၀၁၆ ပြစ်မှုပုဒ်မ ၄၃၆ ၊ ၃၃၃ တို့ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies/
ပုသိမ်မြို့တွင် ယောက္ခအိမ် မီးရှို့သူက လာရောက်ဖမ်းဆီးသည့် နယ်ထိန်းအား လက်ကျိုးသည်အထိ ရိုက်နှက်မှု ဖြစ်ပွား  ပုသိမ်မြို့တွင် ယောက္ခအိမ် မီးရှို့သူက လာရောက်ဖမ်းဆီးသည့် နယ်ထိန်းအား လက်ကျိုးသည်အထိ ရိုက်နှက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.