ရေလယ်ကုန်းရွာ၌ ဖမ်းဆီးမိသည့် ကျားသေကို မီးသင်္ဂြိုလ်ရန် စီစဉ်နေ


ဖေဖော်ဝါရီ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး

ကော့ကရိတ်မြို့နယ်အတွင်း ယမန်နေ့က ဖမ်းဆီးရမိခဲ့သည့် ကျားသေကို မည်သို့ဆောင်ရွက်သွားရန် ကော့ကရိတ်ခရိုင်၊ သစ် တောဦးစီးဌာနက အထက်အဆင့်ဌာနသို့ အကြောင်းကြားထားနေဆဲအချိန်တွင် ဒေသခံ ဘိုးဘွားလူကြီးများက နတ်ကျားဟု ယူဆကာ ရေလယ်ကုန်းရွာ၊ မြစေတီဘုရားဝင်း၌ ဖေဖော်ဝါရီလ ၂၇ရက်(စနေနေ့)တွင် မီးသင်္ဂြိုလ်သွားရန် စီစဉ်လျှက်ရှိသည်ဟု သိရသည်။

ကျားသေ မီးသင်္ဂြိုလ်ရန် ဦးဆောင်သူတစ်ဦးဖြစ်သည့် ရေလယ်ကုန်းဆရာတော်ဦးကေသရက “ဆရာတော်ရဲ့အိပ်မက်အရ ဒီကျားကို မီးသင်္ဂြိုလ်သွားဖို့ရှိတယ်။ ပြီးရင် အရိုးပြာတွေကို မြစေတီဘုရားဋ္ဌာပနာထဲမှာ ထည့်သွားမယ်။ ကျားက ဘုရားကို လာ ဖူးနေတဲ့သဏ္ဍာန် ကျားရုပ်ထုတစ်ခု ဘုရားရင်ပြင်မှာ ထုလုပ်သွားမယ်”ဟု ပြောသည်။

ယင်းကိစ္စအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သစ်တောဦးစီးဌာန၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ကျော်ဝင်း၊ စကခ (၁၂)မှ တာဝန်ရှိသူများနှင့် တိုင်ပင်သွားကာ ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ကျားကို မီးသင်္ဂြိုလ်သွားမည်ဟုလည်း ဆရာတော် ဦးကေသရက ဆက်ပြောသည်။

သို့သော် အဆိုပါကျားကိစ္စနှင့်ပတ်သက်၍ လက်ရှိ ကော့ကရိတ်မြို့နယ် ရေလယ်ကုန်းရွာနှင့် အနီးတဝိုက်ရှိ ဒေသခံရွာသားများ က အမြင်အမျိုးမျိုးထွက်ပေါ်လျှက်ရှိပြီး အချို့က နတ်ကျားဖြစ်ကြောင်းနှင့် အချို့က ရိုးရိုးကျားဖြစ်ကြောင်း ပြောဆိုနေကြသည်။

လတ်တလော ရေလယ်ကုန်း မြစေတီဘုရားဝင်းတွင် ထားရှိသည့် ကျားသေကို သွားရောက်ကြည့်ရှုသူ များပြားလျှက်ရှိပြီး ကျား မှာ အစွယ်နှင့် နှုတ်ခမ်းမွှေးများ၊ လက်သည်းများ မရှိတော့ကြောင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံများက ပြော ဆိုသည်။

ကော့ကရိတ်ခရိုင် သစ်တောဦးစီးဌာနမှ ဒုဦးစီးတာဝန်ခံ စောကပေါ်ထူးက “ဒီကိစ္စကို ကျနော်တို့ အထက်ဌာန (ပြည်နယ်အဆင့် သစ်တောဦးစီးဌာန)ကို တင်ပြထားတယ်။ အကြောင်းပြန်ကြားတာ မရှိသေးတဲ့အတွက် ကျနော်တို့ဌာနကတော့ ဆက်လက်ပြီး ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်နေပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ကျားသေမီးသင်္ဂြိုလ်သည့်ကိစ္စ ဖြစ်ပေါ်နေချိန်တွင် ဖေဖော်ဝါရီ ၂၅ရက်နေ့က ကျားကိုက်၍ ဒဏ်ရာရရှိသွားသည့် အသက် ၅၁နှစ်အရွယ် စောချက်ပြူး(ခ) ထိပ်ဖြူနှင့် အသက် ၁၈နှစ်အရွယ် စောအောင်ကိုလေးတို့မှာမူ ခါးနောက်ကျောမှ ကျားကိုက်ခံ ထားရသည့် ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူလျှက်ရှိသည်။

ကဆောဝါး
ကေအိုင်စီ - KIC
http://kicnews.org
ရေလယ်ကုန်းရွာ၌ ဖမ်းဆီးမိသည့် ကျားသေကို မီးသင်္ဂြိုလ်ရန် စီစဉ်နေ  ရေလယ်ကုန်းရွာ၌ ဖမ်းဆီးမိသည့် ကျားသေကို မီးသင်္ဂြိုလ်ရန် စီစဉ်နေ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.