ပုသိမ် ရွှေဘုံသာရပ်ကွက်တွင် မီးလောင်မှုကြောင့် လူနေအိမ်သုံးလုံး ပျက်စီး ဆုံးရှုံး


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ရွှေဘုံသာရပ်ကွက်တွင် ဖေဖော်ဝါရီ ၃ ရက် နေ့လယ် ၁၂း၀၀ နာရီ ခန့်က လူမရှိသည့် နေအိမ်မှတစ်ဆင့် မီးလောင်မှုကြောင့် အိမ်သုံးလုံးပျက်pီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ် ပေသုံးဆယ်ခန့် အကွာတွင် အမှတ် ၁၅ အခြေခံ ပညာမူလတန်းကျောင်း ကပ်လျက်တည်ရှိနေကာ စာသင်ကြားနေသော ကျောင်းသားလေးများက မီးတောက်ကို စတင်မြင်ရပြီး အော်ဟစ်ထွက်ပြေးရာမှ မီးလောင်မှုကို စတင်သိရှိခဲ့ခြင်း ဖြစ်ကြောင်း မူလတန်းပြဆရာမ ဒေါ်အေးအေးမြင့်က ပြောသည်။

“စာသင်ခန်းရဲ့အုတ်နံရံတွေ ပူလာတာကို သတိပြုမိချိန်မှာ မီးလောင်တဲ့ဘက်ကို မျက်နှာမူနေတဲ့ ကျောင်းသားလေးတွေက ပြတင်းပေါက်က လှမ်းမြင်ရလို့ မီးလောင်နေတယ်လို့ အော်တော့မှ အိမ်နှစ်လုံးကြား မီးတောက် အတော်ကြီးကြီး လောင်နေတာကို တွေ့ရတာပါ” ဟု မူလတန်းပြဆရာမ ဒေါ်အေးအေးမြင့်က ပြောသည်။

ကျောင်းတွင်းပစ္စည်းနှင့် ကျောင်းဆောင်များ မီးလောင်မှု မရှိကြောင်း၊ ကျောင်းတွင်လည်း ရေ၊ သဲအိတ်နှင့် မိးချိတ်မီးကတ်များ အသင့်ထားရှိခဲ့ခြင်း၊ ရပ်ကွက်နေ ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၀ိုင်းဝန်း၍ မီးငြှိမ်းသတ်နိုင်ခဲ့ခြင်း ကြောင့် သက်သာရာ ရခဲ့ကြောင်း အမှတ် ၁၅ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းဦးက ပြောသည်။

ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးလောင်ကျွမ်းမှုသည် လူမရှိသည့်နေအိမ် နှစ်အိမ်ကြား စတင်လောင်ကျွမ်းမှု ဖြစ်ခြင်းကြောင့် မည်သည့် အတွက်ကြောင့် လောင်ကျွမ်းသည်ကို အဖြေရှာနေကြောင်း ပြောဆိုထားပြီး ပုသိမ်မြို့နယ် လျှပ်စစ်ဌာနက ၀ါယာရှော့ခ်ကြောင့် လောင်ခြင်း မဟုတ်ကြောင်း ငြင်းဆိုထားသည်။

“၂၀၁၆ ခုနှစ်ရဲ့ တစ်လကျော်ပဲ ရှိသေးတယ်။ ပုသိမ်မြို့မှာ မီးလောင်တာ လေးကြိမ် ရှိနေပြီ။ ဇန်န၀ါရီလ အတွင်းက နှစ်ကြိမ် လောင်ခဲ့တယ်။ အခု ဖေဖော်ဝါရီလ အတွင်းမှာ နှစ်ကြိမ်ပါ။ မီးဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို အမျိုးသားရေး အမြင်နဲ့ အားလုံးပါဝင်ပြီး စနစ်တကျလုပ်ဖို့ လိုအပ်နေတယ်” ပုသိမ်မြို့မှ မီးသတ်တပ်ဖွဲ့ အရာရှိဟောင်း ဦးမြရွှေက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ဆယ်ပေ ပတ်လည် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းအိမ် နှစ်လုံးနှင့် ၁၀ ပေ× ၁၅ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း အိမ်တစ်လုံး မီးလောင်ကျွမ်း ဆုံးရှုံးးခဲ့ပြီး လူ၊ တိရစ္ဆာန် သေကျေပျက်စီး ဆုံးရှုံးမှု မရှိကြောင်း၊ မည်သည့် အိမ်မှစ၍ မည်သည့် အကြောင်းအရာကြောင့် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားရသည်ကို ဖော်ထုတ် အရေးယူနိုင်ရန်အတွက် သက်ဆိုင်သူများကို ပုသိမ်မြို့မ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ပုသိမ် ရွှေဘုံသာရပ်ကွက်တွင် မီးလောင်မှုကြောင့် လူနေအိမ်သုံးလုံး ပျက်စီး ဆုံးရှုံး  ပုသိမ် ရွှေဘုံသာရပ်ကွက်တွင် မီးလောင်မှုကြောင့် လူနေအိမ်သုံးလုံး ပျက်စီး ဆုံးရှုံး Reviewed by THITHTOOLWIN on 13:19 Rating: 5
Powered by Blogger.