ကျောက်ထုတ်ယူနေမှုကြောင့် ပါးတော်ကျောက်စာ ပျက်စီးတော့မည့် အခြေအနေနှင့်ရင်ဆိုင်နေရ


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှ နှစ်ပေါင်း ၄၀၀ ကျော်သက်တမ်းရှိ ပါးတော်ကျောက်စာနှင့် တကြောင်းဆွဲ ပန်းချီများမှာ ကျောက်ထုတ်ယူနေမှုကြောင့် ပျက်စီးတော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရ ကြောင်း ဒေသခံများကပြောသည်။ အဆိုပါ ပါးတော်ကျောက်စာသည် မြောက်ဦးမြို့၏ တောင်ဘက် ၁၆ မိုင် ခန့်အကွာတွင်ရှိပြီး ပါးတော်တောင်တန်းဟုခေါ်သော သဘာဝကျောက်တောင်တွင်တည်ရှိပြီး ကျောက်တုံးများ ပေါ်တွင်ရေးဆွဲထားသော တကြောင်းရေးပန်းချီများမှာ ကျောက်စာနှင့် မိုင်ဝက်ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ပါးတော်ကျေးရွာမှ ဒေသခံတဦးဖြစ်သူ ဒေါ်မပန်းစိန်က ''ကျွန်မတို့ ဒီကျောက်စာနဲ့ ပတ်သက်ပြီး ပြောချင်တာက အမြန်ဆုံးထိန်းသိမ်းပေးစေချင်တယ်။ အခုကျောက်တွေကို စည်းကမ်းမဲ့ထုတ် ယူနေတော့ ဒီကျောက်စာတွေနဲ့ တကြောင်းပန်းချီပုံပါ ကျောက်လုံးတွေ မကြာမီထိခိုက်ပျက်စီးရတော့မယ်''ဟု ပြောသည်။ အဆိုပါပါးတော်ကျောက်စာတွင် ''သက္ကရာဇ် ၈၈၆ ခုဝါခေါင်''၊''လဆန်း ၈ ရက် ၁ နိဥတုနတ်''၊ ''လေ အသျှည် ၁၀ မင်ကောစ''၊ ''ပုတိတေခသေ သင်္ခီကိုဝ်ဖျ''၊ ''(က်သော)သူကား လုပ်ကြံရာမမြောက်စီသော''၊ ''အ၀စိငရဲလာစိသော ငရဲသစ်ငုပ်ဖြစ်''၊ ''စိသော''ဟု ရေးထိုးပါရှိသည်ကို တွေ့ရသည်။ ယင်းပါးတော် ကျောက် စာနှင့်တကြောင်းရေးပန်းချီပုံတို့သည် ရှေးဘုရင်ခေတ်က စစ်ရေးအခြေအနေကြောင့် စစ်ရှောင်လာခဲ့ရာမှ မင်းညီမင်းသားများက ကျောက်စာများနှင့် ပန်းချီပုံများကိုရေးဆွဲခဲ့ကြသည်ဟု ဒေသခံများက ယူဆကြသည်။

ဒေသခံတဦးဖြစ်သူ ဦးမောင်ဖြူက ''ဒီနေရာဟာ ဘုရင်ခေတ်တွေက စစ်ရေးကြောင့် မင်းညီမင်းသားတွေ၊ မှူးမတ်တွေစစ်ရှောင်လာတဲ့အရပ်လို့ သက်ကြီးရွယ်အိုတွေကပြောပါတယ်။ အဲဒီလိုတိမ်းရှောင်နေတဲ့အခါ အခုလိုကျောက်စာတွေရေး၊ တကြောင်းဆွဲပန်းချီတွေဆွဲထားခဲ့တာလို့ ကျွန်တော်တို့ အဲ့ဒီလိုပဲသိရပါတယ်''ဟု ပြောသည်။ ရှေး/သုဌာနအနေဖြင့် လက်ရှိအချိန်တွင် ကျောက်ထုတ်ယူနေမှုများကို တားဆီးထားပြီး ကျောက် စာများပျက်စီးမှုမရှိစေရန် အမိုးအကာများဖြင့် ထိန်းသိမ်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန မြောက်ဦးဌာန(ခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ပြောသည်။

မြတ်ထွန်းဇံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကျောက်ထုတ်ယူနေမှုကြောင့် ပါးတော်ကျောက်စာ ပျက်စီးတော့မည့် အခြေအနေနှင့်ရင်ဆိုင်နေရ  ကျောက်ထုတ်ယူနေမှုကြောင့် ပါးတော်ကျောက်စာ ပျက်စီးတော့မည့် အခြေအနေနှင့်ရင်ဆိုင်နေရ Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.