ကိုယ်စားလှယ်လောင်း ၇ဝ နီးပါးကို အရည်အချင်းပျက်ယွင်းသူ အဖြစ် ကြေညာမည်

နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်။ Photo: Myo Thant Khaing/RFA
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်း ၁၇၅ ဦးထဲက ၇ဝ နီးပါးကို ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာဖို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က အမိန့်ချလိုက်ပါတယ်။

အဲ့ဒီကိုယ်စားလှယ်လောင်း ၇ဝ နီးပါးထဲမှာ ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးက ကိုယ်စားလှယ်လောင်းတွေ များတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင် က ပြောပါတယ်။

"ရွေးကောက်ပွဲကုန်ကျငွေစရိတ် ငွေစာရင်းပျက်ကွက်တဲ့ကိစ္စက ဧရာဝတီဘက်က ၂ဝ ထင်တယ်၊ သူတို့ကို အကြောင်းပြခိုင်းတာပေါ့နော်၊ ဘာကြောင့် ငွေစာရင်းမတင်တာလဲဆိုတာ အကြောင်းကြားတဲ့အခါကျတော့ သူတို့က အကြောင်းကြားစာရရဲ့သားနဲ့ သူတို့က မလာကြဘူး တစ်ယောက်မှ၊ မလာဘူးဆိုတော့ သူတို့မျက်ကွယ်မှာပဲ ပျက်ကွက်တဲ့အတွက် အားလုံးက အရည်အချင်းပျက်ယွင်းတယ်လို့ပဲ ဆုံးဖြတ်လိုက်ပြီ၊ အကြောင်းမပြတဲ့လူကတော့ စဉ်းစားစရာကိုမရှိတော့ဘူး၊ သူတို့က ငွေစာရာင်းကိုက ဟိုမှာတင်မှမတင်ပဲ၊ ရန်ကုန်က မလာတဲ့ဟာတော့ အမိန့်ချလိုက်ပြီပေါ့၊ သူတို့လည်း မငြင်းဘူးလေ၊ တင်ပါတယ်လို့မှ မပြောကြပဲ၊ ပျက်ကွက်ရင်တော့ နိုင်ငံတော်ပြန်တမ်းထဲမှာကိုက ထုတ်ပြန်ကြေညာပေးမယ်"

ချင်း၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီ စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်က ကိုယ်စားလှယ်လောင်း စုစုပေါင်း ၇ဝ နီးပါးကို အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံပြန်တမ်းမှာ ထည့်သွင်းကြေညာ မှာဖြစ်ပါတယ်။

အရည်အချင်းပျက်ယွင်းကြောင်း ကြေညာခံရတဲ့ ကိုယ်စားလှယ်လောင်း ၇ဝ နီးပါးထဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစုက အများဆုံးဖြစ်ပြီး အမျိုးသားတိုးတက်ရေးပါတီက ဒုတိယအများဆုံးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို နေ့စဉ်ခေါ်ယူစစ်ဆေးနေတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုက ကိုယ်စားလှယ်လောင်း ၁၇ဝ ကျော်ဟာ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်ခဲ့ပြီး ကရင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီ မှာ ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်း မရှိဘူးလို့ သိရပါတယ်။

အရည်အချင်း ပျက်ယွင်းတဲ့စာရင်းမှာ ပါသွားတဲ့သူတွေဟာ နောက်ရွေးကောက်ပွဲတစ်ကြိမ်မှာ ဝင်ရောက်ယှဉ်ပြိုင် ခွင့် မရှိတော့ဘူးလို့ ရွေးကောက်ပွဲဥပဒေမှာ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကိုယ်စားလှယ်လောင်း ၇ဝ နီးပါးကို အရည်အချင်းပျက်ယွင်းသူ အဖြစ် ကြေညာမည် ကိုယ်စားလှယ်လောင်း ၇ဝ နီးပါးကို အရည်အချင်းပျက်ယွင်းသူ အဖြစ် ကြေညာမည် Reviewed by THITHTOOLWIN on 21:56 Rating: 5
Powered by Blogger.