မင်္ဂလာဒုံက အိုးအိမ်မဲ့တွေ ထပ်မံတိုက်ခိုက်ခံရ

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာက အိမ်တွေကို ဇန်နဝါရီလ ၂၆ ရက်နေ့က ရှင်းလင်းဖယ်ရှားနေစဉ်။ Photo: Aung Thain Kha/ RFA
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် စံသမာဓိရပ်ကွက်ကအိမ်တွေအဖျက်ခံရပြီး သွားစရာ မရှိလို့ အဲဒီဖျက်ထားတဲ့နေရာမှာ ခိုကပ်နေရသူတွေကို အမည်မသိလူအုပ်က မနေ့ည ၇ နာရီကျော်မှာရောက် လာပြီး အကြမ်းဖက်တိုက်ခိုက်တဲ့အတွက် အပြန်အလှန်ရုန်း ရင်းဆန်ခတ်ဖြစ်ခဲ့ရပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် အတိုက်ခံရသူတွေဘက်က လူ ၆ ဦးဒဏ်ရာရသွားပြီး၊ လာရောက် တိုက်ခိုက်သူတွေဘက်က ၂ ယောက်ကို မိထားသလို၊ သူတို့ဆီကနေ ရဲဝတ်စုံတွေ ထည့်ထားတဲ့အထုတ်လဲ ရရှိလိုက်တယ်လို့သိရပါတယ်။

ဒဏ်ရာရသူတွေထဲက ၄ ယောက်ကိုဆေးရုံတင်လိုက်ရပြီး၊ အဲဒီထဲမှာ အိမ်ဖျက်ချိန်က ကိုယ်ဝန်ပျက်ကျသွားတဲ့အမျိုးသမီး တစ်ဦးလဲ သွေးလန့်ပြီး ဆေးရုံတင်ရတဲ့ အထဲ ပါဝင်တယ်လို့သိရပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ည ၁၀ နာရီလောက်မှာ တိုက်ခိုက်သူ တွေဘက်က အင်အားထပ်ဖြည့်လာတဲ့အတွက် အတိုက်ခိုက်ခံရသူတွေက စိုးရိမ်နေကြ ပါတယ်။

အဲဒီနေရာကို စစ်တပ်ရဲ့ဦးပိုင်ကုမ္ပဏီက သူတို့ပိုင်တဲ့မြေဖြစ်လို့ဆိုပြီး ပြီးခဲ့တဲ့ သတင်းပတ်က မြေထိုးစက်တွေနဲ့ ထိုးဖျက်သွားတာဖြစ်ပါတယ်။

အိမ်ဖျက်ခံရသူတွေထဲမှာ တခြားနေရာ သွားစရာ မရှိသူတွေက အဲဒီအဖျက်ခံ ထားရတဲ့ပစ္စည်းတွေနားမှာပဲ မိုးကာစတွေထိုးပြီးနေထိုင်ကြပါတယ်။

အဲဒီလိုနေထိုင်သူတွေကို ခြံဝင်းခတ်ထားလိုက်ပြီး၊ အပြင်က စားသောက်စရာ အဝတ်အထည်သွားကူသူတွေကိုလဲ  တားမြစ်တာတွေရှိနေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
မင်္ဂလာဒုံက အိုးအိမ်မဲ့တွေ ထပ်မံတိုက်ခိုက်ခံရ  မင်္ဂလာဒုံက အိုးအိမ်မဲ့တွေ ထပ်မံတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 11:24 Rating: 5
Powered by Blogger.