ကမာရွတ်မြို့နယ်အတွင်း ဓားဖြင့်ခုတ်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် ကြေးစားလူမိုက်များအား ဖမ်းမိ


 ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ကမာရွတ်မြို့နယ်အတွင်း ဓားဖြင့်ခုတ်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် ကြေးစားလူမိုက်များအား ဖော်ထုတ် ဖမ်းဆီး အရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

၂၃.၁၂.၂၀၁၅ ရက်နေ့ ၁၉၀၀ အချိန်ခန့်တွင် ကမာရွတ်မြို့နယ်နေ ဒေါ်ဥမ္မာထိုက်၊ (၄၂)နှစ်သည် ၎င်းပိုင် ထွန်းသစ် ထမင်းဆိုင်တွင် ခင်ပွန်းဖြစ်သူ ကိုထွန်းသစ်ဦးနှင့်အတူထမင်းစားနေစဉ် အမျိုးသား (၂)ဦး ဆိုင်အတွင်း ၀င်ရောက်လာပြီး ဓားနှင့်ခုတ်သဖြင့် ခင်ပွန်းဖြစ်သူ ကိုထွန်းသစ်ဦးတွင် ၀ဲလက်မ၊ လက်ဖ၀ါးပြတ်ရှ ဒဏ်ရာ၊ ကျောကုန်း ညိုမဲဒဏ်ရာများရရှိပြီး သတ်ပစ်မည်ဟုခြိမ်းခြောက်သဖြင့် ဒေါ်ဥမ္မာထိုက်မှ ဆိုင်အနောက် ဘက်သို့ ပြေးသွား၍ အကူအညီ တောင်းခံရာ လူများရောက်ရှိလာပြီး အဆိုပါအမျိုးသား(၂)ဦးမှ ဆိုင်ရှေ့တွင် ဆိုင်ကယ်နှင့်အသင့် စောင့်ဆိုင်းနေသည့် အမျိုးသားတစ်ဦးနှင့်အတူ ထွက်ပြေးသွားခဲ့သဖြင့်
ကမာရွတ်မြို့မရဲစခန်း(ပ)၅၂၂/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၂၆/၅၀၆/၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ပြီး အမှုမှတရားခံများအားစုံစမ်းခဲ့ရာ ဓားဖြင့်ဝင်ခုတ်သူများမှာ လှိုင်သာယာမြို့နယ်နေ လှမျိုးသူ(ခ)မျိုးသူ(ခ)ပြောင်ကြီး၊ (၃၁)နှစ်နှင့် စိုးထိုက်၊ (၃၀)နှစ်တို့ဖြစ်ကြောင်း သိရှိရခဲ့ရပြီး ၎င်းတို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း စုံစမ်းသိရှိရသဖြင့် လေးမျက်နှာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ စုံစမ်းဖမ်းဆီးဆောင်ရွက်ခဲ့ရာ ၂.၁.၂၀၁၆ ရက်နေ့ ၁၄၁၅ အချိန်တွင် လှမျိုးသူ(ခ)မျိုးသူ(ခ)ပြောင်ကြီး၊ (၃၁)နှစ်နှင့် ရဲလင်းထိုက်(ခ)ကိုရဲ၊ (၁၉)နှစ်တို့(၂)ဦးအား ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ကတက်ကုန်းကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာတွင်
ဆိုင်ကယ်(၁)စီး၊ ငွေကျပ်(၅)သိန်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ လှမျိုးသူ(ခ)မျိုးသူ(ခ)ပြောင်ကြီးနှင့် ရဲလင်းထိုက်(ခ)ကိုရဲတို့ (၂)ဦးအား စစ်ဆေးရာ ၂၂.၁၂.၂၀၁၅ ရက်နေ့တွင် လှိုင်သာယာမြို့နယ်နေ တင်မျိုးသိန်း(ခ)တင်မျိုးနိုင်(ခ)ကျားလက်ဝါး၊ စိုးထိုက်၊ အညာသားလေးတို့နှင့်တွေ့ဆုံစဉ် တင်မျိုးသိန်း(ခ)တင်မျိုးနိုင်(ခ)ကျားလက်ဝါးက ထွန်းသစ်ဦး၏ လက်နှင့် ကျောကုန်းတို့ကို ဓားဖြင့်ခုတ်ပေးပါက ငွေကျပ်(၁၀)သိန်းပေးမည်၊ ၎င်းနေထိုင်သည့်နေရာအား တင်မျိုးသိန်း(ခ)တင်မျိုးနိုင်(ခ)ကျားလက်ဝါး၊ စိုးထိုက်နှင့် အညာသားလေးတို့က လိုက်ပြပေးမည် ဖြစ်ကြောင်း ပြောသဖြင့် ၂၃.၁၂.၂၀၁၅ ရက်နေ့ ၁၆၃၀ အချိန် တင်မျိုးသိန်း(ခ) တင်မျိုးနိုင်(ခ) ကျားလက်ဝါးက ကင်ဒိုဓား(၁)ချောင်းစီပေးခဲ့ပြီး ရဲလင်းထိုက်(ခ)ကိုရဲမှ ဆိုင်ကယ်ဖြင့်လည်းကောင်း၊ လှမျိုးသူ(ခ)မျိုးသူ(ခ)ပြောင်ကြီး၊ တင်မျိုးသိန်း (ခ)တင်မျိုးနိုင်(ခ)ကျားလက်ဝါး၊ စိုးထိုက်၊ အညာသား၊ ဘင်ကြီးနှင့် အမည်မသိ တစ်ဦးတို့မှာ အငှားယာဉ်ဖြင့်လည်းကောင်း၊ ကမာရွတ်မြို့နယ်ရှိ ကိုထွန်းသစ်ဦး၏ထမင်းဆိုင်သို့ လာရောက်ခဲ့ကြောင်း၊ ၁၉၀၀ အချိန် လှမျိုးသူ(ခ)ပြောင်ကြီး နှင့် စိုးထိုက်တို့(၂)ဦးမှ ဆိုင်အတွင်း ထမင်းစားနေသည့် ထွန်းသစ်ဦးအား ဓားဖြင့်ဝင်ရောက် ခုတ်ခဲ့ ကြောင်း၊ ၎င်းနောက် ဆိုင်ရှေ့တွင် အသင့်စောင့်ဆိုင်းနေသည့် ရဲလင်းထိုက်(ခ)ကိုရဲ၏ ဆိုင်ကယ်ဖြင့်ထွက်ပြေးခဲ့ပြီး လေးမျက်နှာမြို့နယ်၊ ရွာသာကုန်းကျေးရွာသို့ တိမ်းရှောင်နေခဲ့ကြောင်း၊ ထိုသို့တိမ်းရှောင်စဉ် တင်မျိုးသိန်း(ခ)တင်မျိုးနိုင်(ခ)ကျားလက်ဝါးမှ ၎င်းအား ငွေကျပ်(၁၀)သိန်းပေးသဖြင့် လက်ခံရယူခဲ့ကြောင်း စစ်ဆေးသိရှိ ရပါသည်။

အမှုမှပြစ်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ ၂.၂.၂၀၁၆ ရက်နေ့ ၁၂၀၀ အချိန်တွင် ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ လှိုင်သာယာမြို့နယ်နေ တင်မျိုးသိန်း(ခ)တင်မျိုးနိုင်(ခ)ကျားလက်ဝါးနှင့် စိုးထိုက်တို့(၂)ဦးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက စည်းရုံး ဖမ်းဆီး ရမိခဲ့ပြီး အမှုမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သော ထွက်ပြေးတိမ်းရှောင်နေသူတို့အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူတို့ စိုးရိမ်ကြောက်ရွံ့နေသည့်လူဆိုးလူမိုက်များအား ရှင်းလင်းဖမ်းဆီးရေး အထူးစီမံချက်အရ ကြေးစား လူမိုက်များအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ကမာရွတ်မြို့နယ်အတွင်း ဓားဖြင့်ခုတ်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် ကြေးစားလူမိုက်များအား ဖမ်းမိ  ကမာရွတ်မြို့နယ်အတွင်း ဓားဖြင့်ခုတ်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် ကြေးစားလူမိုက်များအား ဖမ်းမိ Reviewed by THITHTOOLWIN on 05:20 Rating: 5
Powered by Blogger.