မဲခွဲစဉ် ကိုယ်စားလှယ်တွေ ပျောက်နေတဲ့အတွက် သတိပေး


ဘိန်းစိုက်ခင်းတွေကိစ္စ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်စဉ် ကိုယ်စားလှယ်ဦးရေ ၂၀ လောက် မဲမပေးဘဲ ပျောက်နေတဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်တွေကို သတိပေးလိုက်ပါတယ်။

ဒီကနေ့ ကချင်ပြည်နယ်နဲ့ တရုတ်မြန်မာနယ်စပ်က ဘိန်းစိုက်ခင်းဖျက်မယ့်သူတွေကို အစိုးရအနေနဲ့ အကာအကွယ်ပေးဖို့ အရေးကြီးအဆိုကို ၀ိုင်းမော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းတာကို မဲခွဲဆုံးဖြတ်ရာမှာ ကိုယ်စားလှယ် ၂၀ က မဲမပေးဘဲ ပျောက်နေတာဖြစ်ပါတယ်။ အဲဒီအတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က အခုလို သတိပေးလိုက်ပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးစရာတစ်ခုရှိပါတယ်၊ ကျနော်တို့ဒီနေ့ အစည်းအဝေးတက်ရောက်စဉ်တုန်းက အစည်းအဝေးတက်ရောက်သူ ၄၂၆ ဦး ရှိပါတယ်၊ အခုမဲပေးတဲ့အခါမှာ ၄၀၆ ဦးတွေ့ရှိရပါတယ်၊ ၂၀ ပျောက်နေပါတယ်၊ ၂၀ ပျောက်နေတာက ကော်မတီအစည်းအဝေးတွေ ရှိလို့သွားသလား၊ ဒါမှမဟုတ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားသလား၊ ကျနော်တို့အလေးအနက်ထားရပါမယ်၊ နောက်ကို ကော်မတီအစည်းအဝေးတွေရှိရင် ကျနော်တို့ ကော်မတီအစည်းအဝေးတိုင်းက လွှတ်တော်ထိ နေ့လည်ပိုင်းကနေပြီးတော့ ညနေ ၄ နာရီ၊ ၄ နာရီခွဲ ရုံးချိန်ထိ လုပ်နိုင်ပါတယ်၊ အခုလောလောဆယ် ၂၀ ပျောက်တာတွေ့ရှိတာကို လွှတ်တော်ကို အသိပေးကြေညာခြင်းဖြစ်ပါတယ်"

ကချင်ပြည်နယ်နဲ့ တရုတ်မြန်မာနယ်စပ်မှာ ရှိနေတဲ့ ဘိန်းစိုက်ပျိုးမှုကို တဖက်နိုင်ငံက လက်ဝဲကြီးအုပ်ထားတာကြောင့် အချုပ်အခြာအာဏာကို ထိပါးနေတာဖြစ်ကြောင်း အဲဒီ ဘိန်းစိုက်ခင်းတွေကို တိုက်ဖျက်မယ့်သူတွေကို အကာအကွယ်ပေးဖို့ ပြည်ထောင်စု အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ၀ိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံးက ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

"ယခုအခါ အဆိုပါဘိန်းစိုက်ပျိုးသူများဟာ တစ်ဖက်နိုင်ငံသားများက လက်ဝါးကြီးအုပ် စီးပွားဖြစ်လုပ်ကိုင်နေတာကို တွေ့ရလို့ နိုင်ငံတော်ရဲ့အချုပ်အခြာနှင့် ပတ်သက်ပြီးတော့ လည်း ပုံရိပ်ကျဆုံးရပါတယ်၊ အောက်ခြေဒေသခံပြည်သူလူထုများပါဝင်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အနေဖြင့် ၄င်းတို့ကိုယ်တိုင်တွေ့မြင်ထားသော ဧက ၁ သောင်းကျော်ခန့်ရှိ ဘိန်းခင်းများကို အချိန်မှီသွားရောက် ဖျက်ဆီးနိုင်ရန်အတွက် ထိရောက်သော ကူညီပံ့ပိုးပေးမှုကို လိုလားလျက်ရှိနေကြပါသည်၊ နိဂုံးချုပ်အားဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးတွင် ပြည်သူလူထုပါဝင်မှုအပေါ် ကြိုဆိုထောက်ခံ ရန်နှင့် ဟန့်တားနှောက့်ယှက်နေသော အန္တရာယ်က ကာကွယ်ပေးရန်အပြင် ထိရောက် သောပံ့ပိုးမှုများကို အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအဖွဲ့ သို့ ပြည်သူ့လွှတ်တော်က တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်ပြအပ်ပါသည်"

လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ သင့်၊ မသင့်ကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ လွှတ်တော် တက်ရောက်သူ ၄၂၆ ဦး ရှိတဲ့အထဲက မဲပေးသူ ၄၀၆ ဦးသာ ရှိတာကြောင့် ကိုယ်စားလှယ် ဦးရေ ၂၀ ရဲ့ မဲတွေ ပျောက်နေခဲ့တာဖြစ်ပါတယ်။

ဒီနှစ်အတွင်း ကချင်ပြည်နယ် တနိုင်း၊ ပူတာအို ၊ ဆွမ်ပရာဘွမ် ၊ ချီဖွေ နဲ့ အင်းတော်ကြီး စတဲ့ ဒေသတွေက ဘိန်းခင်းဧက ၃ထောင်ကျော်ကို လူထုအင်အားနဲ့ ဖျက်ဆီးနိုင်ခဲ့ သလို ၀ိုင်းမော်ဒေသမှာလည်း ဒေသဆိုင်ရာအစိုးရအဖွဲ့၊ အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့ တို့နဲ့ ပူးပေါင်းပြီး ဘိန်းစိုက်ဧက ၈၀၀ နီးပါးဖျက်ဆီးခဲ့နိုင်ကြောင်း အဆိုတင်သွင်းသူ ဦးလဂမ်ဇယ်ဂျုံးက ပြောခဲ့ပါတယ်။

ဦးလဂမ်ဇယ်ဂျုံး တင်သွင်းတဲ့ အရေးကြီးအဆိုကို ဆက်လက်ဆွေးနွေးဖို့ အတည်ပြု လိုက်ပြီး မနက်ဖြန် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
မဲခွဲစဉ် ကိုယ်စားလှယ်တွေ ပျောက်နေတဲ့အတွက် သတိပေး  မဲခွဲစဉ် ကိုယ်စားလှယ်တွေ ပျောက်နေတဲ့အတွက် သတိပေး Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.